နေပြည်တော်၊ ဒီဇင်ဘာ ၂၃
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ပြည်ထောင်စုနေ့ ကျင်းပရေး ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက (၇၈)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ဆပ်ကော်မတီအလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်း လိုအပ်ချက်များကို ဗဟိုကော်မတီသို့ အချိန်မီတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများကို ဘက်ပေါင်းစုံမှ စေ့စေ့စပ်စပ်ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်သွားရန် နှင့် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရရှိရှိဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမိုဖော်ဆောင်နိုင်မည့် အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းအမှာစကား ပြောကြားသည်။
ထို့နောက် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် (၂) ဦးကျော်ထွန်းက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက မိမိတို့ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးကြကာ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


