နေပြည်တော်၊ ဒီဇင်ဘာ ၂၃
တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီးနှင့် မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၁) မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း လပြည့်ဝင်းအား အကောင်းဆုံး ဗိုလ်လောင်းဆု ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် တပ်မတော်အနေဖြင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းရွက်စေနိုင်ရန်အတွက် အမျိုးသမီး စစ်မှုထမ်း (အရာရှိ) များအား လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးဗိုလ်လောင်းသင်တန်းကို ဖွင့်လှစ်မွေးထုတ်ပေးခဲ့သည်မှာ ယခုဆိုပါက သင်တန်းအမှတ်စဉ် (၁၁) အထိ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်သည် တပ်မတော်တစ်ခုတည်းဖြင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်း ယောကျ်ား၊ မိန်းမအသက် အရွယ်မရွေး ထမ်းရွက်ကြရမည့် မွေးရာပါ သမိုင်းပေးတာဝန်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးစစ်မှုထမ်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်မွေးထုတ်ပေးနေခြင်းပင် ဖြစ်ကြောင်း။
မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်တွင် အမျိုးသားများ နှင့် ရင်ပေါင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများဖြင့် ပါဝင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မျက်မှောက်ကာလ ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြရာတွင်လည်း ပြည်ထောင်စုဖွားတိုင်းရင်းသား မြန်မာအမျိုးသမီးထု စွမ်းအားကြီးကို မြင်တွေ့နေကြရပြီ ဖြစ်ကြောင်း။
၂၀၁၄ ခုနှစ်ကစပြီး တပ်မတော်တွင် အမျိုးသမီးအရာရှိများ ခန့်အပ်တာဝန် ပေးအပ်နိုင်ရေး ဆောင်ရွက်ခဲ့သည့်အတွက် လက်ရှိအချိန်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့အသီးသီးတွင် အမျိုးသမီးအရာရှိများ တာဝန်ထမ်းဆောင်လျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်နှင့် တပ်မတော်အတွက် ယုံကြည်အားကိုးရသည့် အခြားအဆင့်အမျိုးသမီး စစ်မှုထမ်းများကိုလည်း တာဝန်ပေး ခန့်အပ်လျက်ရှိကြောင်းကို အသိပေး ပြောကြားလိုကြောင်း။
ထိုကဲ့သို့ အမျိုးသမီးစစ်မှုထမ်းတပ်ဖွဲ့ဝင်များကို စဉ်ဆက်မပြတ်မွေးထုတ်ပေး လျက်ရှိသောကြောင့် သက်ဆိုင်ရာတပ်ဖွဲ့အသီးသီး၏ တာဝန်များအပြင် ကြမ်းတမ်း ခက်ခဲလှသည့် အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး) တာဝန်များ၊ မိုင်ထောင်ချီ ဝေးကွာသည့် ပင်လယ်သမုဒ္ဒရာများကို စစ်ရေယာဉ်များဖြင့်ဖြတ်ကျော်ပြီး ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေး ခရီးစဉ်များ၊ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ခန်းများ၊ အမျိုးသမီးလေသူရဲ ပျံသန်းရေးတာဝန်များနှင့် လေထီး စစ်သမီး တာဝန်များကို ရဲဝံ့ပြောင်မြောက်စွာ ထမ်းဆောင်နေကြသည်ကိုလည်း တွေ့ရမည်ပင် ဖြစ်ကြောင်း။
အာဆီယံနိုင်ငံများ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်း လေ့ကျင့်ခန်းများတွင်လည်း တပ်မတော် အမျိုးသမီးစစ်မှုထမ်းများသည် နိုင်ငံတကာ တပ်ဖွဲ့ဝင်များနှင့်အတူ ရင်ပေါင်တန်းပြီး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြောင်း၊ ထို့ပြင် မကြာသေးခင်ကာလက ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲတွင်လည်း အမျိုးသမီး အရာရှိ၊ စစ်သည်များသည် ရွှေတံဆိပ် (၅) ခု၊ ငွေတံဆိပ် (၄) ခု၊ ကြေးတံဆိပ် (၇) ခု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့မြန်မာအမျိုးသမီးစစ်မှုထမ်းများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်ရည် မနိမ့်ကျဘူးဆိုသည်ကို လက်တွေ့ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း။
ထို့ကြောင့် မိမိတို့တပ်မတော် အမျိုးသမီးစစ်မှုထမ်းများ၏ ကောင်းမွန်သည့် သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရမည် ဖြစ်သည့်အပြင် ပိုမိုကောင်းမွန်သည့် သမိုင်းမှတ်တိုင်များကို စိုက်ထူနိုင်အောင်လည်း ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
လေ့ကျင့်ရေးနှင့်ပတ်သက်၍ ယခုတက်ရောက်အောင်မြင်ခဲ့ပြီးဖြစ်သည့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) မှ တစ်ဦးချင်း၊ အဖွဲ့လိုက် လိုက်ပါ လုပ်ဆောင်တတ်စေရေး လေ့ကျင့်သင်ကြား ပေးလိုက်ပြီးဖြစ်ကြောင်း၊ တက္ကသိုလ် အသီးသီးမှ ဘွဲ့ရရှိခဲ့ကြသူများဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် တပ်မတော် အတွင်းသို့ ဝင်ရောက်လာသူများဖြစ်သည့်အတွက် ခံယူချက်များ အခြေခံအားဖြင့် ကောင်းမွန်ကြပြီး ဖြစ်ကြောင်း။
သင်တန်းတက်ရောက်စဉ် ကာလအတွင်း ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှု ရှိစေရေးအတွက် “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်” ဟူသည့် လေ့ကျင့်ရေးမူဝါဒများနှင့်အညီ စနစ်တကျ လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းကသင်ကြားပေးလိုက်သည့် အတတ်ပညာများကို မမေ့မလျော့အောင် “အမြဲတမ်း လေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့်ဖြစ်ရမည်” ဟူသည့် မြဲသုံးမြဲကို လက်ကိုင်ထားပြီး သင်တန်းကျောင်းတွင်သာမက တာဝန်ထမ်းဆောင်ချိန်များတွင်လည်း ပြန်လည်လေ့ကျင့်နေရန် လိုအပ်သကဲ့သို့ လက်တွေ့နယ်ပယ်တွင်လည်း ထိရောက်စွာ အသုံးချကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
မည်သည့်အဖွဲ့အစည်းတွင်မဆို ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် မိမိအဖွဲ့အစည်းက အားကိုးရသည့် ခေါင်းဆောင်ကောင်းများ ဖြစ်စေရန်နှင့် မိမိအရည်အသွေးကို တိုးတက်အောင် အမြဲကြိုးစားဆောင်ရွက်နေကြရန် လိုအပ်ကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်ရေးအတွက် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် အသိပညာ၊ အတတ်ပညာများကို မိမိကိုယ်တိုင် တတ်မြောက် ပြည့်စုံနေရမည်ဖြစ်သကဲ့သို့ တည်ကြည်ရိုးသားမှုနှင့် တော်တည့် ဖြောင့်မတ်သည့် ကိုယ်ကျင့်တရားမြင့်မားရန်လည်း လိုအပ်ကြောင်း၊ ရဲရင့်ပြတ်သားသည့် ဆုံးဖြတ်ချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့်အတူ လက်အောက် ငယ်သားများအပေါ် အဂတိကင်းကင်းဖြင့် မှန်ကန်မျှတစွာ ကွပ်ကဲအုပ်ချုပ်သွားရမည် ဖြစ်ကြောင်း၊ အရာရှိငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်ရတော့မည့် သူများအနေဖြင့် မိမိဦးဆောင်သည့် အဖွဲ့အစည်းကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်းတည်ဆောက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပြင် သမိုင်းက ပေးအပ်လာသည့် အမျိုးသားနိုင်ငံရေးတာဝန်များကိုပါ အောင်မြင်စွာ ထမ်းရွက်နိုင်ရေးအတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာ တည်ဆောက်ထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဟူသည့် ဆောင်ပုဒ်အတိုင်း တပ်မတော်သားများနှင့် မိသားစုဝင်များသည် စုစည်းညီညွတ်ရန် အထူးလိုအပ်ကြောင်း။
ထို့ကြောင့် အဆင့်ဆင့်သော ခေါင်းဆောင်များအနေဖြင့် တပ်တွင်းစည်းလုံး ညီညွတ်ရေးကို အလေးထား တည်ဆောက်သွားရမည်ဖြစ်ပြီး ထိုသို့တည်ဆောက်သည့် နေရာတွင် ညီညွတ်မျှတသည့်အမိန့်နှင့် တာဝန်များပေးအပ်ကာ မှန်ကန်သည့် ခေါင်းဆောင်မှု၊ လူ့သဘောသဘာဝကို နားလည်စွာ ကွပ်ကဲအုပ်ချုပ်မှုတို့ဖြင့် ပုံဖော်တည်ဆောက်သွားရမည်ပင်ဖြစ်ကြောင်း၊ တပ်မတော်၏အားသည် စည်းလုံးညီညွတ်မှု အပေါ်တွင်သာ အခြေတည်လျက်ရှိသည့်အတွက် တပ်တွင်းစည်းလုံးညီညွတ်မှုရှိပါက မည်သူကမျှ တပ်မတော်ကို ဖြိုခွဲ၍ရမည် မဟုတ်သည်ကို ပြောကြားလိုကြောင်း။
ထိုကဲ့သို့ အခြေခံကျသည့် တပ်တွင်းစည်းလုံးရေးကို ခိုင်မာအောင် တည်ဆောက် ကြရမည်ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း လက်တွေ့ဆန်သည့် တပ်ပြင်စည်းရုံးရေးကို တိုးမြှင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်များ ကျရောက်ချိန်များတွင် ကူညီကယ်ဆယ်ထောက်ပံ့ပေးခြင်းများသည် ပြည်သူလူထုအပေါ် လက်တွေ့ပါသည့်စည်းရုံးရေး ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ တပ်ပြင်စည်းရုံးရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော် နှင့်တိုင်းရင်းသားပြည်သူတို့၏ အကျိုးစီးပွားများအတွက် ရှေးရှုဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သည့်အတွက် တပ်မတော်သား အမျိုးသမီးအရာရှိအားလုံးကလည်း အလေးထား ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
စစ်အောင်ရခြင်း အကြောင်းတရားများ၏ အခြေခံသည် စစ်သည်တော်တိုင်း စိတ်ဓာတ်စည်းကမ်း ကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုပင်ဖြစ်ကြောင်း၊ တပ်မတော်တွင် စိတ်ဓာတ်စည်းကမ်း ကောင်းမွန်မှုသည် ကျောရိုးဖြစ်သကဲ့သို့ အမိန့်နာခံတတ်မှုသည်လည်း စစ်သည်တော်ကောင်း တစ်ယောက်၏ဂုဏ်ဒြပ်ပင် ဖြစ်ကြောင်း။
အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာဖြင့် အဓွန့်ရှည်ကြာစွာ ရပ်တည်နေနိုင်ခြင်းသည် မှန်ကန်သည့်မူဝါဒ၊ တိကျခိုင်မာသည့် စည်းမျဉ်း၊ စည်းကမ်း၊ လိုက်နာ စောင့်ထိန်းရမည့် ဥပဒေများနှင့် စနစ်တကျ ဖွဲ့စည်းလေ့ကျင့်ထားမှုများ ရှိခြင်းတို့ကြောင့်ပင်ဖြစ်ကြောင်း၊ တပ်မတော်သည် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သောကြောင့် စည်းကမ်းလိုက်နာမှုနှင့် အမိန့်နာခံတတ်မှုများကို ခါးဝတ်ပုဆိုးပမာ မြဲမြံခိုင်ခံ့နေရမည်ဖြစ်ကြောင်း။
ထို့ကြောင့် တပ်မတော်သားများအနေဖြင့်လည်း စစ်သည်တော်ကျင့်ဝတ် အပါး ၆၀ နှင့်အညီ နေထိုင်ကျင့်ကြံပြီး စစ်ဘက်နှင့် နယ်ဘက်ဆိုင်ရာဥပဒေများကိုသာမက နိုင်ငံတကာက လိုက်နာကျင့်သုံးနေကြသည့် ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် စစ်ပွဲဆိုင်ရာ ဥပဒေများနှင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများကိုပါ လိုက်နာကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုရာတွင် လိုက်နာလုပ်ဆောင်ရန် တိုက်တွန်းချက်စည်းကမ်းနှင့် ရှောင်ကြဉ်ရန် သတ်မှတ်ထားသည့် တားမြစ်ချက်စည်းကမ်းဟူ၍ နှစ်မျိုးသာရှိကြောင်း၊ ချမှတ်ထားသည့်စည်းကမ်းများကို အသိတရားဖြင့် လိုက်နာစောင့်ထိန်းတတ်သည့် နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာစေရန် ကျင့်ကြံဆောင်ရွက်ပြီး ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် အလေးထား မှာကြားလိုကြောင်း။
“ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ပန်ဆင်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးတို့အတွက် မိမိကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလေးအနက်ထား ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ အမျိုးသမီးစစ်မှုထမ်းများ၏ ကောင်းမွန်သည့် သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်သည့်အပြင် ပိုမိုကောင်းမွန်သည့် သမိုင်းမှတ်တိုင်များကို စိုက်ထူနိုင်အောင်လည်း ဆက်လက်ကြိုးပမ်းသွားကြရန်၊ ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆) ချက်ကို တိတိကျကျလိုက်နာကာ အထက်က ယုံကြည်စိတ်ချရပြီး လက်အောက်က လေးစားအားထားရသည့် ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းများဖြစ်အောင်၊ နိုင်ငံတော်နှင့် တပ်မတော်မှ အားကိုးအားထားပြုရသည့် အမျိုးသမီးအရာရှိကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်၊ တပ်တွင်း၊ တပ်ပြင် စည်းရုံးရေးလုပ်ငန်းများကို ကျစ်လစ်ခိုင်မာအောင် ညီညွတ်မျှတသော အုပ်ချုပ်ရေးစနစ်နှင့် မှန်ကန်သောဆုံးဖြတ်ချက်များချမှတ်ပြီး ရေပက်မဝင်သော စည်းရုံးရေးဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသူများဖြစ်သည့် အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း လပြည့်ဝင်း၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း အေးသီတာ၊ စစ်ရေးပြအကောင်းဆုံးဆုရ ဗိုလ်လောင်း နန္ဒာကျော်နှင့် ကြံ့ခိုင်ရေး အကောင်းဆုံးဆုရ ဗိုလ်လောင်း အိဖြူမောင်တို့အား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိခဲ့ကြသဖြင့် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုနှင့် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်တတ်သည့် အခြေခံကောင်းများကိုလည်း ဘဝတစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ ယခုဗိုလ်လောင်းသင်တန်း မတက်ရောက်မီ တက္ကသိုလ်ပညာ၊ ဘွဲ့လွန်ပညာတို့ကို အသီးသီးဆည်းပူး လေ့လာအောင်မြင်ခဲ့ကြပြီး ဖြစ်သဖြင့် အတွေးအခေါ်ပိုင်းနှင့် လူနေမှုပုံစံများကို လေ့လာခဲ့ကြရပြီး အရည်အချင်းနှင့် အတွေ့အကြုံများရှိပြီးဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ရန်နှင့် တက္ကသိုလ်ပညာ၊ ဘွဲ့လွန်ပညာများကို အောင်မြင်ရန် ကြိုးစားခဲ့ကြရပြီး ယခုဗိုလ်လောင်းသင်တန်း တက်ရောက်ခဲ့ရာတွင်လည်း ကြိုးစားအားထုတ်မှု ရလဒ်များကြောင့် ထူးချွန်စွာအောင်မြင်ပြီး အမျိုးသမီး အရာရှိများအဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။
ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ ကျွေးမွေးစောင့်ရှောက် ထိန်းသိမ်းသွန်သင်ပေးခဲ့သည့် မိဘဆရာသမားများ၏ ကျေးဇူးကို မမေ့ရန်နှင့် မိသားစုမှ ဂုဏ်ယူရသည့်၊ နိုင်ငံတော်နှင့် တပ်မတော်မှ အားထားရသည့် တပ်မတော်အရာရှိကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း၊ မိမိတို့တွင်ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း၍ မိမိဘဝတိုးတက်အောင်၊ မိမိရည်မှန်းချက်များ မပျောက်ပျက်ရအောင် ဆက်လက်ကြိုးစားအားထုတ်သွားရန်လိုကြောင်းနှင့် မိမိတို့တာဝန်ကျသည့် မည်သည့်နယ်ပယ်တွင်မဆို တိုင်းပြည်ကောင်းရာ ကောင်းကျိုးကို အကျိုးပြု နိုင်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်






