ရဲလွင် (တိုင်းတာရေး)

 

အမိတပ်မတော်(ရေ)၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ရောက်ပြန်ခဲ့လေပြီ။ တပ်မတော်၏ အမျိုးသားနိုင်ငံရေး ခံယူချက်ဖြစ်သော ဒို့တာဝန်အရေး (၃) ပါးကို ဦးလည်မသုန် ခံယူကျင့်သုံးကာ သစ္စာ (၄) ချက်ကို ရင်ဝယ်သံမှိုနှက်သကဲ့သို့ ပေးအပ်သော အမိန့်နှင့်တာဝန်များကို ဦးဆွေးဆံမြည့် ထမ်းဆောင်လျက်ရှိသည့် တပ်မတော် (ရေ) ကား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် (၇၇) နှစ် သက်တမ်းတိုင်ခဲ့လေပြီ။

 

တပ်မတော်(ရေ)သည် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်နိုင်သော သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ရှေ့သို့အခိုင်အမာ ဆက်လက်ချီတက်လျက်ရှိ၏။ ထို့ပြင်နိုင်ငံတော်အား ပင်လယ်ပြင်မှ ရှေ့တန်းကျကျကာကွယ်ရေး၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများအား ကာကွယ် စောင့်ရှောက်ရေးနှင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရေးဆိုသည့် ရည်မှန်းချက်တာဝန် (၃) ရပ်ဖြင့်လည်း မမှိတ်မသုန် အားကောင်း မောင်းသန်ချီတက်လျက်ရှိလေ၏။

 

၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် စတင်ဖွဲ့စည်းခဲ့သော တပ်မတော် (ရေ)သည် ယခု (၇၇)နှစ် သက်တမ်း ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း အမှန်တကယ် စတင်တာဝန်ထမ်းဆောင်ခဲ့သောကာလမှာ ထို့ထက် စောခဲ့လေ၏။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ မြန်မာ့ တပ်မတော်၏အမြုတေ ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Indepen-dence Army – BIA) ကို မဖွဲ့စည်းမီကပင် ဗမာပြည် ဘုရင့်အပျော်တမ်းအရန်ရေတပ် (Burma Royal Naval Volunteer Reserve – BRNVR) သည် မွေးဖွားနှင့်ပြီးဖြစ်၏။ BRNVR ကို ၁၉၄၀ ပြည့်နှစ် ဇွန်လတွင် ဗြိတိသျှတို့က စတင် ဖွဲ့စည်းပေးခဲ့ခြင်းပင်။ ဗြိတိသျှတို့ ဆုတ်ခွာသွားပြီးနောက် ဂျပန်တို့က ၁၉၄၂ ခုနှစ် ဇွန်လတွင် ဗမာ့လွတ်လပ်ရေး ရေတပ်မတော် (Burma Indepen-dence Navy – BIN) ကို ဖွဲ့စည်းပေးခဲ့ရာ BRNVR နှင့် BIN သည်ယနေ့ တပ်မတော် (ရေ) မတိုင်မီကပင် အမြုတေရေတပ်များအဖြစ် သမိုင်းအစဉ်အလာကောင်းများကို ပိုင်ဆိုင်ခဲ့ပြီးဖြစ်လေ၏။

 

သမိုင်း အထောက်အထားများအရ ရှေးမြန်မာတို့သည် ဘာသာရေး၊ ယဉ်ကျေးမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှု တို့ကို အခြေခံသော ပင်လယ်ရေကြောင်း သွားလာမှုနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ဖြစ်ကြ၏။ ၁၂ ရာစုအစပိုင်းကပင် မြန်မာ့ရေကြောင်းသွားလာမှု အစပြုခဲ့ ပြီး ၁၅ ရာစုအလယ်ပိုင်းတွင် မုတ္တမမှ ထုတ်လုပ်ခဲ့သော မုတ္တမစဉ့်အိုး (Martaban Jar)သည် အရှေ့တောင်အာရှ နိုင်ငံများနှင့် အာရပ်နိုင်ငံများအထိ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း သိရှိရ၏။ ပုဂံခေတ်တွင် အလောင်းစည်သူမင်းသည် ပုသိမ်သင်္ဘောဆိပ်မှတစ်ဆင့် သီဟိုဠ်ကျွန်းနှင့် မလေးကျွန်းဆွယ်များသို့ တိုင်းခန်းလှည့်လည်ခဲ့ကြောင်း၊ နရပတိ စည်သူမင်းလက်ထက်တွင် သံဃာတော်များ သီဟိုဠ်ကျွန်းနှင့် အဆက်အဆံမပြတ်ခဲ့ကြောင်း အထင်အရှားတွေ့ရှိရ၏။ ၁၈ ရာစု ကုန်းဘောင်မင်းဆက် ရတနာပုံခေတ်တွင် ရေတပ်ကို ရာထူးဌာနန္တရ၊ ဂုဏ်ထူးအဆောင်အယောင်များဖြင့် စနစ်တကျဖွဲ့စည်းနိုင်ခဲ့ရာ သာယာဝတီမင်းလက်ထက် သာယာဝတီ- ဒဂုံရေကြောင်းချီစစ်သည် မြန်မာ့ရေတပ်၏အရည်အသွေးကို အထင်အရှား ထုတ်ဖော်ပြသလျက် မှတ်ကျောက်တင်နိုင်ခဲ့၏။ အေဒီ ၁၈၇၁ ခုနှစ်တွင် မြန်မာ့ရေယာဉ် တည်ဆောက်ရေး ဗိသုကာ “ဆရာရှမ်း” တည်ဆောက်ခဲ့သော အမြောက် ၁၄ လက်ပါ ရေနွေးငွေ့ စက်တပ်တိုက်သင်္ဘော ရေချနိုင်ခဲ့ခြင်းမှာ မြန်မာ့ရေယာဉ်တည်ဆောက်မှု သမိုင်းအတွက် အထူးဂုဏ်ယူရမည့် သမိုင်းမှတ်တမ်းပင်ဖြစ်၏။

 

စစ်နှင့်သက်ဆိုင်သော စာပေများတွင် စစ်အင်္ဂါလေးပါးသည် အခြေခံဖြစ်၏။ ဆင်လည်းတစ်ပါး၊ မြင်းလည်း တစ်ပါး၊ ရထားလည်းတစ်ပါး၊ ခြေသည်လည်းတစ်ပါးဖြစ်သော စစ်အင်္ဂါလေးပါးသည်ပင် သေနင်္ဂမည်၏။ စစ်အင်္ဂါလေးပါးမှာ ပါဠိကျမ်း၊ သက္ကတကျမ်းများကို မှီကြောင်း၊ သို့သော် မြန်မာ့သမိုင်း၌ “ရထားတပ်” ဟူ၍မရှိခဲ့ကြောင်း၊ ပါဠိကျမ်း၊ သက္ကတကျမ်းများတွင် “လှေသင်္ဘောတပ် (ရေတပ်)” ပါမြဲဖြစ်ကြောင်း လေ့လာသိရှိရ၏။

 

လှေတပ်(ရေတပ်)သည် အရေးကြီးဆုံးနှင့်  အခက်အခဲဆုံးအဆင့်ဖြစ်

ရှေးမြန်မာမင်းများ လက်ထက်က အမြဲတမ်းတပ်မတော်အဖြစ် ဖွဲ့စည်းခန့်အပ်ထားခြင်းမရှိဘဲ နိုင်ငံအတွက် လိုအပ်ချိန်မှသာ ဆင့်ခေါ်စစ်မှုထမ်းစေ၏။ ထိုသို့ဆင့်ခေါ်နိုင်ရန် ထောင်ပြုမြို့၊ ရာပြုမြို့၊ ဆယ်ပြုမြို့များခွဲခြား သတ်မှတ်ပေးထား၏။ ဖွဲ့စည်းပေါ်ပေါက် လာသော တပ်မတော်၌ ရာထူးခန့်အပ်ရာတွင်လည်း လုပ်ရည်ကြံရည်၊ အရည်အသွေးပေါ်မူတည်ပြီး ခန့်အပ်လေ့ရှိ၏။ “ခြေလျင် ၁၀ ပွဲရမှ မြင်းတင်၏၊ မြင်း ၁၀ ပွဲရမှ ဆင်သို့တင်၏၊ ဆင် ၁၀ ပွဲရမှ လှေသို့တင်၏၊ လှေ ၁၀ ပွဲရမှ မြို့ပြ ကံကျွေးပေးပြီးသူကောင်းပြု၏” ဟူသော မှတ်တမ်းများအရ လှေတပ်(ရေတပ်)သည် အရေးကြီးဆုံးနှင့် အခက်အခဲဆုံး အဆင့်ဖြစ်ပြီး အရည်အသွေးအပြည့်အဝဆုံး စစ်သည်တော်များဖြင့် ဖွဲ့စည်းထားကြောင်း လေ့လာတွေ့ရှိရ၏။

 

ရှေးမြန်မာဘုရင်များလက်ထက် မြန်မာ့ရေတပ်သည် တိုင်းတစ်ပါးကို ကျူးကျော်လိုသော ရည်ရွယ်ချက်ဖြင့် အခိုင်အမာဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ပဒေသရာဇ်အချင်းချင်း အားပြိုင်ရန်အတွက်သာ အသုံးပြုခဲ့ကြ၏။ မြစ်၊ ချောင်း ပေါများသောနိုင်ငံဖြစ်၍ မြစ်၊ ချောင်းများကို အခြေခံသော ရေကြောင်းတိုက်ပွဲများပေါ်ပေါက်ခဲ့၏။ မြန်မာ သက္ကရာဇ် ၉၀၂ ခုနှစ်တွင် တပင်ရွှေထီးနှင့် မုတ္တမစား စောဗညားတို့ တိုက်ခိုက်ခဲ့သော မုတ္တမတိုက်ပွဲသည် ထင်ရှားခဲ့၏။ ထို့ပြင်သမိုင်းတွင် ထင်ရှားခဲ့သော ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ နောင်ရိုး တိုက်ပွဲသည် မြစ်၊ ချောင်းကိုအခြေခံလျက် စိတ်ဓာတ်ခိုင်မာပြတ်သားမှု၊ ကြံရည်ဖန်ရည်နှင့် လုံ့လအရဲအစွမ်းကို မှတ်ကျောက် တင်သော ရေကြောင်းတိုက်ပွဲ တစ်ခုဖြစ်၏။ အလားတူ ကုန်းဘောင်ခေတ် အင်းဝတိုက်ပွဲ၊ သန်လျင်တိုက်ပွဲ၊ ဒေါပုံတိုက်ပွဲတို့သည်လည်း မြန်မာ့သမိုင်းဝင်ထင်ရှားသော ရေကြောင်း တိုက်ပွဲများဖြစ်ခဲ့၏။

 

ထိုသို့ သမိုင်းအစဉ်အလာကောင်းခဲ့သော မြန်မာ့ရေတပ်သည် နယ်ချဲ့ဗြိတိသျှတို့၏ မတရားကျူးကျော်စစ် သုံးကြိမ်ကြောင့် လွတ်လပ်ရေးဆုံးရှုံးမှုနှင့်အတူ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရ၏။ ကိုလိုနီခေတ် မြန်မာ့ကမ်းရိုးတန်း ရေပြင်ကာကွယ်ရေးကို ဗြိတိသျှတို့၏ အရှေ့အိန္ဒိယရေတပ်က တာဝန်ယူခဲ့ပြီး ၁၉၃၄ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယ ရေတပ်က လွှဲပြောင်းတာဝန်ယူခဲ့၏။ ၁၉၄၀ ပြည့်နှစ် BRNVR ကို စတင် ဖွဲ့စည်းခဲ့ရာ ဗြိတိသျှတော်ဝင်ရေတပ်မှ ဗိုလ်မှူးကြီး ကေအက်စ်လိုင်းက တပ်မှူးကြီး၊ ဘုရင်ခံ Sir Reginald Dorman Smith က စစ်ဦးစီးဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့ကြ၏။

 

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် ဂျပန်တို့ မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်လာချိန်တွင် ဗြိတိသျှတို့ အိန္ဒိယသို့ဆုတ်ခွာရာ၌ BRNVR လည်း လိုက်ပါသွားခဲ့၏။ ဂျပန်တို့က BRNVR တပ်ဖွဲ့ဝင်ဟောင်းများကို စည်းရုံးပြီး ဗမာ့လွတ်လပ်ရေးရေတပ်မတော် (BIN) ကို ၁၉၄၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့၏။ ၁၉၄၅ ခုနှစ် နှစ်ဦးပိုင်း တွင် ဗြိတိသျှမဟာမိတ်တို့က မြန်မာ့မြေပေါ်ရှိ ဂျပန်တို့ကို တန်ပြန်တိုက်စစ် ဆင်နွှဲခဲ့ရာ BRNVR လည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး ရခိုင်ပြည်နယ် မေယုမြစ်တစ်လျှောက် တပ်စွဲထားသော ဂျပန်တို့ကို ဗြိတိသျှနှင့်အတူ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မောင်းထုတ်ခဲ့၏။ ၁၉၄၅ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဆိပ်ကမ်း ကာကွယ်ရေးရေယာဉ် (Habour Defen-ce Motor Launch – HDML) ကိုးစင်းနှင့်အတူ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့၏။

 

ဗြိတိသျှတို့က ဗမာပြည်ဘုရင့် အပျော်တမ်းအရန်ရေတပ်ကို အရာရှိ ၇၄ ဦး၊ အခြားအဆင့် ၇၆၃ ဦး၊ ဖရီဂိတ် စစ်ရေယာဉ်တစ်စင်း၊ HDML ၁၃ စင်းတို့ ဖြင့် အမြဲတမ်းရေတပ်မတော်ဖွဲ့စည်းရန် ဆောင်ရွက်ခဲ့၏။ ထို့ကြောင့် ၁၉၄၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ရန်ကုန်မြစ်လယ်၌ ဖရီဂိတ်စစ်ရေယာဉ် HMS Fal အား ဗြိတိသျှရေတပ်မတော်မှ ဗမာပြည်ဘုရင့်အပျော်တမ်း အရန်ရေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ထိုစဉ်က စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်လက်ခံခဲ့၏။ HMS Fal မှာ စစ်ကြီးအတွင်းက အမှုထမ်းဆောင်ခဲ့သည့်အပြင် ရခိုင်ပြည်နယ် မေယုမြစ်တစ်လျှောက် ဗမာ့တပ်မတော်သားများက ဂျပန်တို့ကို နှိမ်နင်းအောင်မြင်ခဲ့သည်ကို မမေ့နိုင်သည့်အတွက် အမည်ထင်ရှားစေရန် “စစ်ရေယာဉ် (မေယု)” ဟု အမည်ပြောင်းလဲလိုက်ကြောင်း၊ ထို့အတွက် မြန်မာလူမျိုးအနေဖြင့် မိမိဂုဏ်ယူကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ထည့်သွင်းမိန့်ခွန်းပြောကြားခဲ့၏။ စစ်ရေယာဉ် (မေယု) လွှဲပြောင်းလက်ခံသည့် အခမ်းအနားတွင် ရေတပ်ထုံးတမ်းစဉ်လာအရ စစ်ရေယာဉ်ပိုင်ဆိုင်သော နိုင်ငံ၏ ရေတပ်အလံကို လွှင့်ထူရသည်ဖြစ်ရာ စစ်ရေယာဉ်ဦးပိုင်းအလံတိုင်မှ ဗြိတိသျှရေတပ်အလံကို လျှောချပြီး ဗမာပြည်ဘုရင့်အပျော်တမ်း အရန်ရေတပ် အလံကို လွှင့်တင်ခဲ့၏။ မြန်မာ့လွတ်လပ်ရေးအကြို ရောင်နီဦးသည် မြန်မာ့တပ်မတော်(ရေ)စစ်ရေယာဉ်မေယု၌ စတင်ကွန့်မြူးခဲ့ပြီး မကြာမီ လွတ်လပ်ရေးရရှိမည့် အတိတ်ကောင်း၊ နိမိတ်ကောင်းအဖြစ် မြန်မာတစ်မျိုးသား လုံး၊ မြန်မာတစ်နိုင်ငံလုံးက ဝမ်းမြောက် ဝမ်းသာ မှတ်ယူကြိုဆိုကြကုန်၏။

 

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် ရက်ပိုင်းအလို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းမိန့်အမှတ် (၄၂၄) (Burma Gazette, No. 424) ဖြင့် ဗမာ ပြည် ဘုရင့်အပျော်တမ်းအရန်ရေတပ်အား “ဗမာ့ရေတပ်မတော်” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၏။ ရေတပ်ဦးစီးချုပ်အဖြစ် စစ်ရေယာဉ် (မေယု) ၏ ပထမဦးဆုံးသော မြန်မာနိုင်ငံသား စစ်ရေယာဉ်မှူး ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဘိုက ဗြိတိသျှ ဗိုလ်မှူးကြီး ကေအက်စ်လိုင်း ထံမှ တာဝန်များလွှဲပြောင်းလက်ခံခဲ့၏။ လွတ်လပ်ရေးရရှိပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်ယူ ဝင့်ကြွားစွာ ရပ်တည်နိုင်မှုနှင့်အတူ အရာရှိ၊ စစ်သည်အင်အား၊ စစ်ရေယာဉ်အင်အား၊ လက်နက်ခဲယမ်းအင်အား တို့ဖြင့် ကိုယ်ပိုင်ရပ်တည်နိုင်သော တပ်မတော်(ရေ)သည် အခိုင်အမာ ဖြစ်တည်ပေါ်ပေါက်လာခဲ့၏။

 

သောင်းကျန်းသူများဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့တုန်လှုပ်

သို့သော် လွတ်လပ်ရေးနှင့်အပြိုင် ပေါ်ပေါက်လာသော ပြည်တွင်းလက်နက် ကိုင် ဆူပူသောင်းကျန်းမှုများကြောင့် တပ်မတော် (ရေ) သည် တပ်မတော် (ကြည်း၊ လေ) တို့နှင့်အတူ နိုင်ငံလုံခြုံရေးနှင့် ပြည်သူလူထု ကာကွယ်ရေးအတွက် လက်တွဲညီညီ ရှေ့တိုးချီခဲ့၏။ မြစ်ဝကျွန်းပေါ်တိုက်ပွဲများ၊ ရခိုင်ကမ်းရိုးတန်း တိုက်ပွဲများ၊ တနင်္သာရီကမ်းရိုးတန်း တိုက်ပွဲများ၌ မကြောက်မရွံ့ နောက်မတွန့်စတမ်း ရွပ်ရွပ်ချွံချွံဆင်နွှဲခဲ့၏။ တစ်တိုင်းပြည်လုံး ပြည်တွင်းသောင်း ကျန်းမှုများကြီးစိုးခဲ့သည့်အတွက် ရန်ကုန်အစိုးရဟု နိုင်ငံတကာက နှိမ့်ချ ဆက်ဆံခံခဲ့ရချိန်တွင် ရန်ကုန်မြို့ကို အပြီးသိမ်းပိုက်ရန် ဦးတည်ချီတက်လာသော သောင်းကျန်းသူများအား တပ်မတော် (ရေ) မှ စစ်ရေယာဉ်များအပြင် ဘီးတပ် ၄ဝ မမ အမြောက်များက မဆုတ်မနစ် စွမ်းစွမ်းတမံ ခုခံကာကွယ်ခဲ့ကြ၏။ တပ်မတော် (ရေ) ၏ ကြောက်ခမန်းလိလိတံမြက်စည်း၊ ရေဘီလူး၊ ရေသူရဲ၊ ရေသဘက် အမည်တွင်သော ဘီးတပ်အမြောက်များသည် အကြမ်းဖက်သောင်းကျန်းသူတို့၏ ထိုးစစ်မှန်သမျှကို ရိုက်ချိုးချေမှုန်း လက်စတုံးနိုင်ခဲ့၏။ စစ်ရေယာဉ် (မေယု) မှ လေးလက်မ အမြောက်ကြီး၏ တိကျထိရောက်သော ပစ်ကူပေးမှုသည် နာမည်ကျော်ခဲ့ပြီး အင်းစိန်၊ သန်လျင်ကျိုက်ခေါက်၊ ပုသိမ်၊ ကျောက်ဖြူနှင့် မော်လမြိုင်တိုက်ပွဲတို့တွင် သောင်းကျန်းသူများဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့တုန်လှုပ်စေခဲ့၏။

 

တပ်မတော်(ရေ)သည် ပွဲဦးထွက်ကပင် ရန်ဆူးရန်ငြောင့်မှန်သမျှ အမှုန့်ချေပြခဲ့သည့်အပြင် အစဉ်အဆက် ပြည်သူ့တွက်လျှင် ပေးဆပ်စွန့်စားအောင်ပွဲများကို ဝင့်ကြွားပိုင်ပိုင်ရယူနိုင်ခဲ့ပေ၏။ တပ်မတော် (ရေ) အရာရှိ၊ စစ်သည်များ၏ သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်မှုများကြောင့် တပ်မတော်(ရေ) စတင်ဖွဲ့စည်းချိန်မှသည် ယနေ့အထိ သီဟသူရဘွဲ့တစ်ဦး၊ သူရဘွဲ့ ၁၇ ဦး၊ သီဟဗလတံဆိပ် နှစ်ဦး၊ သူရဲ ကောင်းမှတ်တမ်းဝင် ၆၈ ဦး၊ ပြည်သူ့သားကောင်းတံဆိပ်တစ်ဦး၊ စစ်သေနာပတိချုပ်၏သူရဲကောင်းလက်မှတ် ၁၉ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၄၁ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ၁၅၁ ဦး ရရှိခဲ့သည်မှာ တပ်မတော်(ရေ)အတွက် ဂုဏ်ယူဖွယ် သမိုင်းမော်ကွန်းပင်ဖြစ်ပါ၏။

 

အောင်မြင်စွာ ဖြတ်ကျော်လာသော (၇၇) နှစ်တာကာလ သက်တမ်းတစ်လျှောက် ရရှိခဲ့သည့်အတွေ့အကြုံ၊ အသိအမြင်များဖြင့် တပ်မတော်(ရေ)သည် ရေမြင့်၍ ကြာတင့်ခဲ့လေပြီ။ ရင့်ကျက်တည်ငြိမ်သော၊ ခေတ်မီဆန်း သစ်သော၊ တိုးတက်ခိုင်မာသော အခြေအနေသို့ရောက်ရှိလာပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော၊ ဒေသတွင်း ရေတပ်များက ခန့်ညားလေးစားရသော တန်းဝင် တပ်မတော်(ရေ)အဖြစ် တက်လှမ်းနိုင်ခဲ့လေပြီ။

 

ရေမိုင်ပေါင်း ၁၂၆ဝ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် စတုရန်းရေမိုင်ပေါင်း တစ်သိန်းလေးသောင်းကျော် ကျယ်ဝန်းသော မြန်မာ့ပင်လယ်ပြင်၏ အဖိုးတန်သယံဇာတများကား ပေါကြွယ်ဝသည်ထက်ပိုလေ၏။ ထို့ပြင် မျက်မှောက်ခေတ်နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး တွင် အဓိကကျသော အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းဖြစ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့၏ ထိန်းချုပ်မှတ် (Choke Point) နေရာတွင်လည်း တည်ရှိနေပြန်၏။ မည်သည့် ရှုထောင့်ကကြည့်ကြည့် မြန်မာ့ပင်လယ်ပြင်သည် “ရွှေနိုင်ငံ၏ ရွှေပင်လယ်” အစစ်ပင်ဖြစ်ပါ၏။ တန်ဖိုးသိလေ တန်ဖိုး ရှိလေပင်။

 

မြန်မာ့ရွှေပင်လယ်၏ တန်ဖိုးကြီးမားပုံကို အလေးထားသော တပ်မတော် အကြီးအကဲက တပ်မတော် (ရေ) ၏ တိုက်စွမ်းအားများဖြစ်သော စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်နိုင်ရန် လမ်းညွှန်မှုပြုခဲ့၏။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော ဆောင်ပုဒ်နှင့်အညီ တပ်မတော်(ရေ) ရေတပ် သင်္ဘောကျင်း ဌာနချုပ်တွင် နိုင်ငံတကာစံချိန်စံညွှန်းမီ စစ်ရေယာဉ်များကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲ တည်ဆောက်စေခဲ့၏။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ပံ့ပိုးဖြည့်ဆည်းပေးမှု၊ တပ်မတော် (ရေ) အရာရှိ၊ စစ်သည်များ၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် အဆင့်အတန်းမီ စစ်ရေယာဉ်များကို စဉ်ဆက်မပြတ် တည်ဆောက်၊ ရေချ၊ တပ်တော်ဝင်နိုင်ခဲ့ကြ၏။ “ဝယ်ယူအသုံးပြုသူမှ တည်ဆောက်သူ (Buyer to Builder)” အဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲနိုင်ခဲ့ပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေကို များစွာခြိုးခြံချွေတာနိုင်ခဲ့၏။ အမြော်အမြင်မှ နည်းလမ်း၊ နည်းလမ်းမှ လက်တွေ့၊ လက်တွေ့မှ အောင်မြင်မှုသို့ လှမ်းတက်နိုင်ခဲ့ခြင်းပင်ဖြစ်၏။

 

အသင့်(၃)ရပ်ဖြင့် ပြည့်စုံရန်လည်း ကြိုးပမ်းဖြည့်ဆည်း တည်ဆောက်လျက်ရှိ

တပ်မတော် (ရေ) ၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်နိုင်ရန် တိုက်စွမ်းအား မြင့်မားသောစစ်ရေ ယာဉ်များအပေါ်များစွာမှီတည်နေ၏။ ရေပြင်ရန်စစ်ဆင်ရေး၊ ဝေဟင်ရန်စစ်ဆင်ရေး၊ ရေအောက်ရန် စစ်ဆင်ရေးနှင့် အီလက်ထရွန်နစ် စစ်ဆင်ရေးဟူ၍ နယ်ပယ် (၄) ရပ်လုံး ထိရောက်စွာ စစ်ဆင်နိုင်ရန် မလွဲမသွေလိုအပ်၏။ ထို့ပြင်ရေတပ်စွမ်းအားသည် ပင်လယ်ပြင်မှ ကုန်းမြေအပေါ် အကျိုးသက်ရောက်မှု ပေးနိုင်ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ ရေကြောင်းဆိုင်ရာ အရင်းအမြစ်များ (Maritime Resources) ကို ကာကွယ်မှု ပေးနိုင်ရေးဟူသည့် စွမ်းအားနှစ်ရပ်ပြည့်စုံကာ Naval Power ကို Fighting Power အဖြစ် အသုံးချနိုင်ရန်အတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဟူသော အသင့် (၃) ရပ်ဖြင့် ပြည့်စုံရန်လည်း ကြိုးပမ်းဖြည့်ဆည်းတည်ဆောက်လျက်ရှိပါ၏။

 

မည်မျှပင် ခေတ်မီတန်ဖိုးကြီးမားသော စစ်လက်နက်ပစ္စည်းများ တပ်ဆင်အသုံးပြုစေကာမူ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးမပြုနိုင်ပါက အချည်းနှီးပင်။ သို့ကြောင့် တပ်မတော် (ရေ) အရာရှိ၊ စစ်သည်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်လည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိ၏။ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ အရာရှိ ဗဟုသုတတိုးပွားရေးဟောပြောပွဲများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟောပြောပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများဖြင့် ဘက်စုံထောင့်စုံ အရှိန်အဟုန်ဖြင့် မြှင့်တင်လျက်ရှိ၏။ ထို့ပြင် ပြည်ပ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ သင်တန်းများသို့လည်း စဉ်ဆက်မပြတ် စေလွှတ်ပါဝင် တက်ရောက်စေလျက်ရှိ၏။ နိုင်ငံတကာရေတပ်များ၊ ဒေသတွင်းရေတပ်များ၊ အိမ်နီးချင်း ရေတပ်များနှင့် ပူးတွဲလေ့ကျင့်ခြင်း၊ ပူးတွဲကင်းလှည့်ခြင်း၊ ပူးတွဲရေကြောင်း တိုင်းတာခြင်းများဖြင့်လည်း တန်းယှဉ်တန်းမီ ပါဝင်ဆောင်ရွက်လျက်ရှိ၏။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”  ဆိုသည့် လမ်းညွှန်ချက်အတိုင်း အရာရှိ၊ စစ်သည်များအနေဖြင့် လေ့လာမှတ်သားမှုများ၊ ကျွမ်းကျင်ရန် လေ့ကျင့်မှုများ၊ လုပ်ငန်းခွင်တွင် လက်တွေ့လိုက်နာကျင့်သုံးမှုများဖြင့် အောင်မြင်မှုအသီးအပွင့်များ ဖွံ့ဖြိုးဝေစည်စေခဲ့ပြီး အမျိုးသား၊ အမျိုးသမီးအရာရှိ၊ စစ်သည်များအားလုံး လူ့စွမ်းအားအရင်းအမြစ် ဟန်ချက်ညီ တိုးတက်စေရေးကိုပါ ကျွဲကူးရေပါမြှင့်တင်ဆောင်ရွက်လျက်ရှိ၏။

 

တပ်မတော်(ရေ)၏ လုပ်ငန်းတာဝန် ကဏ္ဍကြီး (၄) ရပ်ဖြစ်သည့် စစ်ရေးကဏ္ဍ (Military Role)၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ (Constabulary Role)၊ သံတမန်ရေးရာကဏ္ဍ (Diplomatic Role)၊ စာနာအကူအညီ ပေးရေးကဏ္ဍ (Benign Role) တို့ကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် စွမ်းဆောင်နိုင်ရေး ရည်မှန်းအကောင်အထည်ဖော်လျက်ရှိ၏။

 

ကဏ္ဍကြီး (၄) ရပ်အနက် စစ်ရေးကဏ္ဍသည် တပ်မတော် (ရေ) ၏ အဓိက တာဝန်ကြီးဖြစ်ပြီး “အမြဲတမ်း လေ့ကျင့်နေရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်ရမည်” ဟူသည့် “မြဲသုံးမြဲ” ကို လက်ကိုင်ထားကာ “လေ့ကျင့်ကျွမ်းကျင်၊ အောင်ပွဲဆင်” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပင်လယ်ပြင် ကျူးကျော်လာသူများကို ချေမှုန်းနိုင်ရန် အမြဲလေ့ကျင့်လျက်ရှိ၏။ တပ်မတော်(ရေ) စစ်ရေယာဉ် အမျိုးအစားပေါင်းစုံ စုပေါင်းပါဝင်သော စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield) ကို ၂၀၁၄ ခုနှစ်မှ စတင်လေ့ကျင့်ခဲ့ပြီး တပ်မတော် (ရေ) ၏ ပထမဦးဆုံး ရေပြင်မှရေပြင်ပစ်ဒုံးပျံကို အောင်မြင်စွာပစ်ခတ်လေ့ကျင့်နိုင်ခဲ့၏။ တပ်မတော် (ရေ) ၏ အဆိုပါလေ့ကျင့်ခန်းများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုထိရောက်အစွမ်းထက်လာခဲ့၏။ ပါဝင် လေ့ကျင့်ကြရသော တပ်မတော် (ရေ) အရာရှိ၊ စစ်သည်များအတွက် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ၊ အလေ့အကျင့်ကောင်းများကို ရရှိပိုင်ဆိုင်စေခဲ့၏။

 

ပြီးပြည့်စုံသောရေတပ်တစ်ခု၏ သွင်ပြင်လက္ခဏာများဖြင့် ဂုဏ်ယူ၍မဆုံး

စစ်ရေးကဏ္ဍအတွက် အဓိက တိုက်စွမ်းအားများဖြစ်သော စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်သည် သာမက ပြင်ပနိုင်ငံများမှလည်း အမျိုးအစားစုံလင်အောင် ဝယ်ယူဖြည့်တင်းအားဖြည့်ပေးလျက်ရှိ၏။ တပ်မတော် (ရေ) အတွက် အထင်ကရမှတ်တိုင်ဖြစ်သည့် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် “မင်းရဲသိင်္ခသူ” နှင့် “မင်းရဲကျော်ထင်” တို့ကို (၇၃) နှစ်မြောက်နှင့် (၇၄) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့များတွင် အသီးသီးတပ်တော်ဝင်နိုင်ခဲ့၏။ ရေအောက်ရန် စစ်ဆင်ရေးနယ်ပယ်ကို တိုးချဲ့နိုင်ခဲ့သည့် အပြင် Submarine Arm ပိုင်ဆိုင်ခြင်းဖြင့် ဒေသတွင်းရေတပ်များနှင့် ရင်ပေါင်တန်းနိုင်ခဲ့၏။ သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသောရေတပ် (Three Dimensional Navy) အဆင့်သို့တက်လှမ်းကာ စစ်ရေးကဏ္ဍကို တောင့်တင်းခိုင်မာစေမည်ဖြစ်၏။ စစ်ရေးကဏ္ဍ အားကောင်းမောင်းသန်ဖြစ်စေရေးအတွက် စစ်ရေယာဉ်များကို အမျိုးအစားစုံလင်စွာ နိုင်ငံတကာအဆင့်မီ ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲကာ ပြီးပြည့်စုံသော ရေတပ်တစ်ခုအဖြစ် တည်ဆောက်လျက်ရှိ၏။ ပြီးပြည့်စုံသော ရေတပ်တစ်ခု၏ သွင်ပြင်လက္ခဏာများဖြင့် ဂုဏ်ယူ၍မဆုံးလေပြီ။

 

 

နိုင်ငံနှင့်ပြည်သူအတွက် တရားဥပဒေ စိုးမိုးရေးကဏ္ဍသည်လည်း အရေးကြီး၏။ ရေကြောင်းသွားလာမှု တိုးတက် များပြားလာမှုနှင့်အတူ ပင်လယ်ပြင် အခြေပြုဖြစ်ပေါ်လာသော အကြမ်းဖက်မှုများ၊ ရာဇဝတ်မှုများ၊ တရားမဝင် ရွှေ့ပြောင်းသွားလာမှုများ၊ လက်နက်နှင့် မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုများ၊ လူမှောင်ခိုကုန်ကူးမှုများ ပိုမိုဖြစ်ပေါ်လျက်ရှိရာ ၎င်းတို့ကို ထိရောက်စွာ တားဆီးကာကွယ်ရန် လိုအပ်လာ၏။ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော် (ရေ) နှင့် လက်တွဲဆောင်ရွက်မည့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က စတင်ဖွင့်လှစ်တပ်တော်ဝင်ခဲ့၏။ ထို့ကြောင့် တပ်မတော် (ရေ) နှင့်အတူ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် အခြားရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ မြန်မာ့ပင်လယ်ပြင်အဝှမ်း တရားဥပဒေစိုးမိုးရေးကို လက်တွဲညီညီ ထိရောက်စွာအကောင်အထည်ဖော်ရမည်ဖြစ်၏။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ ရေတပ်၊ ကမ်းခြေစောင့် တပ်ဖွဲ့၊ အခြားရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်၏။

 

သံတမန်ရေးရာ ကဏ္ဍသည်လည်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရေတပ်များအတွက် အဓိကကျ၏။ နိုင်ငံအချင်းချင်း ဖြစ်ပွားနေသော ပဋိပက္ခအငြင်းပွားမှုများဝယ် စစ်ဆင်တိုက်ခိုက်စရာမလိုဘဲ ရေတပ်အင်အားပြသခြင်းဖြင့် အသာစီးရရှိရန် စွမ်းဆောင်နိုင်၏။ ကမ္ဘာ့သမိုင်းတစ်လျှောက် အသုံးပြုခဲ့သော အလွန်ထိရောက်အကျိုးရှိသည့် အင်အားပြသမှုလည်းဖြစ်၏။

 

ယနေ့ တပ်မတော်(ရေ)သည် မိမိကမ်းရိုးတန်းကိုသာ ကာကွယ်နိုင်စွမ်းရှိသော Coastal Navy အဆင့် မဟုတ်တော့ဘဲ မိမိတို့၏သီးသန့်စီးပွားရေးဇုန်အထိ ကာကွယ်စောင့်ရှောက်နိုင်သော ရေတပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ နိုင်ငံတကာ ရေတပ်အခမ်းအနားများသို့ မိမိတို့၏စစ်ရေယာဉ်များ စေလွှတ် တက်ရောက်စေခြင်း၊ အပြန်အလှန်လည်ပတ်စေခြင်း၊ အိမ်နီးချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ရေတပ်များနှင့် နီးကပ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့ဖြင့် သံတမန်ရေးရာကဏ္ဍကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ခဲ့၏။

 

အာဆီယံရေတပ်ဦးစီးချုပ်များတွေ့ဆုံဆွေးနွေးပွဲများကို နှစ်စဉ်ပါဝင်တက်ရောက်

ထို့ပြင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အာဆီယံရေတပ်ဦးစီးချုပ်များ တွေ့ဆုံဆွေးနွေးပွဲ (ASEAN Naval Chiefs Meeting-ANCM) များကိုလည်း နှစ်စဉ်ပါဝင်တက်ရောက်၍ သံတမန်ရေးရာကဏ္ဍတွင် လစ်ဟင်းမှုမရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၏။ မိမိတို့နိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးရမည့် 9th ANCM ကို ၂၀၁၅ ခုနှစ်ကလည်းကောင်း၊ 18th ANCM ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလက လည်းကောင်း နေပြည်တော်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့၏။ တပ်မတော် (ရေ) ၏ သံတမန်ရေးကဏ္ဍကို ပိုမိုအသက်ဝင် ရှင်သန်စေခဲ့ခြင်းပင်ဖြစ်၏။

 

တပ်မတော်(ရေ)အနေဖြင့် စာနာ အကူအညီပေးရေး ကဏ္ဍတွင်လည်း ပိုမိုထိရောက်စွာ ဆောင်ရွက်လျက်ရှိ၏။ မျက်မှောက်ကာလတွင် ပိုမိုဖြစ်ပွားလာသည့် သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခရောက်ကြရသော ပြည်သူလူထုကို ကိုယ့်နှယ်ထပ်တူအလေးမူလျက် ဖေးကူပံ့ပိုးစောင့်ရှောက်မိုးလျက်ရှိ၏။ အထူးသဖြင့် ကမ်းရိုးတန်းနေပြည်သူများ ပိုမိုခံစားလာရသော မုန်တိုင်းဘေး၊ ရေကြီး၊ ရေလျှံဘေး၊ မြေပြိုမှုဘေး၊ ဆူနာမီရေလှိုင်းဘေးတို့မှ သက်သာလွတ်ကင်းရန် ဘက်စုံထောင့်စုံ နည်းလမ်းစုံဖြင့် ကူညီဆောင်ရွက်ပေး လျက်ရှိ၏။ တပ်မတော်အကြီးအကဲကလည်း လူ့အသက်ထက်အရေးကြီးတာ ဘာမျှမရှိ၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ဒုက္ခရောက်နေသော ပြည်သူကို စာနာကူညီပေးရန်အတွက် အထက်ဌာန၏အမိန့်ကို စောင့်နေစရာ မလို၊ အမြန်ဆုံးသွားရောက်အကူအညီပေးရန် လမ်းညွှန်မှာကြားထားပြီး ဖြစ်လေ၏။

 

ထို့ပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသော ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများကို ခေတ်မီရောဂါ ရှာဖွေရေးပစ္စည်းကိရိယာများ တပ်ဆင်ထားသည့် ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)နှင့် မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) တို့မှ ကျွမ်းကျင်ပါရဂူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်၊ ဆရာမများဖြင့် အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ၏။ ကျေးဇူးတင်ကြည်နူးစိတ်ဖြင့် အလှပဆုံး ပွင့်လန်းနေသော ပြည်သူတို့၏ အပြုံးပန်းများ အကြားဝယ် ရေတပ်သားတို့ အားသစ်အင်သစ် ဖြစ်ကြ ရ၏။ ၂၀၁၃ ခုနှစ်မှ ယနေ့အထိ ဆေးရုံ ရေယာဉ်များ၏ ဆေးကုသပေးမှု ခရီးစဉ် ၃၅ ကြိမ်အတွင်း စုစုပေါင်း အမျိုးသား၊ အမျိုးသမီးလူနာ ၃၃၅၈၂၂ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့၏။ မိုးခေါင်ရေရှားရပ်ဝန်း၌ ရွာချခဲ့သော မိုးတစ်ပေါက်၏တန်ဖိုးကို ဒေသခံပြည်သူများက အသိဆုံးဖြစ်ပေလိမ့်မည်။ ပြည်ပနိုင်ငံများတွင် အတိဒုက္ခရောက်နေကြသည့် အမိမြန်မာနိုင်ငံသားများအား တပ်မတော်(ရေ)စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ကွဲကွာနေကြသောမိသားစုများ ပြန်လည်ဆုံဆည်းနိုင်အောင်၊ ကြမ်းတမ်းခါးသီးသည့် အိပ်မက်ဆိုးများလွန်မြောက်ပြီး နွေးထွေးလုံခြုံသည့် အမိမြေ၌ အိပ်မက် လှလှမက်နိုင်အောင် အကျိုးဆောင်ပေးနိုင်ခဲ့ပါ၏။

 

 

တောင်တရုတ် ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂီ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏အရှိန်တို့ကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှစတင် ၍ နေရာအနှံ့အပြား မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့် မြစ်ရေများအဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နိုင်ငံအနှံ့အပြား၌ ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ရေတပ်သားများသည် တပ်မတော် (ကြည်း)၊ တပ်မတော် (လေ) တပ်ဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တွန့်ဆုတ်မဲ့ကင်းစာနာခြင်းဖြင့် ရိုင်းပင်းကူထောက် ထိရောက်စွာစွမ်းဆောင် ပေးနိုင်ခဲ့၏။

 

မြန်မာ့တပ်မတော် (ရေ) အပါအဝင် နိုင်ငံတကာရေတပ်များသည် ယနေ့ခေတ်ကာလတွင် ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင်ရလျက်ရှိ၏။ အကြီးမားဆုံးခြိမ်းခြောက်မှုမှာ သဘာဝဘေးအန္တရာယ်ပင်ဖြစ်၏။ ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ပြင်းထန်သည့် မုန်တိုင်းကြီးများ၊ ဆူနာမီရေလှိုင်းများ၊ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်မှုများကို ဖြစ်ပေါ်စေပြီး ပင်လယ်ကမ်းရိုးတန်းနေဘဝများကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိ၏။ ထို့ပြင်ပင်လယ်ပြင်ညစ်ညမ်းမှု၊ တရားမဝင် ငါးခိုးဖမ်းမှု၊ သဘာဝသယံဇာတများ အလွန်အကျွံထုတ်ယူမှု၊ ပင်လယ်ပြင်မှ တရားမဝင်မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း သယ်ဆောင်ရောင်းဝယ်မှု၊ လူများ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်မှု၊ ပင်လယ်ပြင်အခြေပြု အကြမ်းဖက်တိုက်ခိုက်မှု စသည့် အခြား ခြိမ်းခြောက်မှုများကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုးပမ်းရမည်ဖြစ်၏။ ဖြတ်သန်း ကျော်လွှားပြီးခဲ့သည့် စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများကို အတွေ့အကြုံကောင်းများ၊ အောင်မြင်မှုအတွက် လှေကားထစ်များအဖြစ် ခံယူလျက် ဆက်လက်ကျော်ဖြတ်သွားရမည်သာ ဖြစ်၏။

 

(၇၇) နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ကို ဂုဏ်ပြု

ယနေ့ တပ်မတော်(ရေ)သည် အထက်ဖော်ပြပါ ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကို အောင်မြင်စွာ ရင်ဆိုင် ဖြတ်ကျော်ပြီး ဒို့တာဝန်အရေး (၃) ပါးကို ကာကွယ်စောင့်ရှောက်နိုင်သော၊ ရည်မှန်းချက်တာဝန် (၃) ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်သော၊ အစဉ်အဆက် သမိုင်းအစဉ်အလာကောင်းများကို ပိုမိုမြှင့်တင် ထိန်းသိမ်းနိုင်သော၊ နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးက အားကိုးရသော တပ်မတော် (ရေ) အဖြစ် အရည်အချင်းပြည့်အရာရှိ၊ စစ်သည်လူသားအရင်းအမြစ်များနှင့်အတူ “ရှေ့သို့ချီတက်၊ အောင်ပွဲဆက်စေ တပ်မတော်(ရေ)” ဖြစ်ပါစေကြောင်း (၇၇) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါ၏။

 

ရေညိုမှသည်၊ ရေပြာဆီသို့

လှမ်းချီရှေ့ဆက်၊ လက်နက်ရေယာဉ်

စစ်သည်အင်အား၊ တိုးပွားခေတ်မီ

စွမ်းရည်ထက်မြက်၊ မျိုးဆက်ဆက်တို့

တိုးတက်အောင်မြင်ပါစေသော်။

ပြည်သူချစ်တဲ့ ရေတပ်မတော်။

ရေပြာထက်က အောင်လံတော်။