ကျောက်ဆည် ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်လွှဲ၊ တောင်နောက်၊ သံရွာ၊ သံနောက်နှင့် အရှေ့သပြေကုန်းကျေးရွာတို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိပြီး ဈေးကွက် ဝယ်လိုအားရှိသည့် ကီလိုမာလကာသီးနှံများကိုလည်း အများဆုံးစိုက်ပျိုးလာကြကြောင်း သိရသည်။
ကီလိုမာလကာပင်များကို ဩဂုတ်လနှင့် စက်တင်ဘာလများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ကီလိုမာလကာစိုက်ပျိုးရာတွင် ကိုင်းကူးမျိုးစိုက်ပျိုးမှုနှင့် မျိုးစေ့စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး ကိုင်းကူးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ကီလိုမာလကာ တစ်ပင်နှင့် တစ်ပင်အကွာအဝေး ၁၅ - ၁၆ ပေခြား၍ တစ်ဧကလျှင် ၃၅၀ ခန့် စိုက်ပျိုးကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၂၀ ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး နှစ်နှစ်ခန့်အကြာတွင် အသီးများစတင်ခူးဆွတ်ရောင်းချရပြီး ကီလိုမာလကာသီးများကို တစ်နှစ်ပတ်လုံး ရရှိနိုင်ကြောင်း၊ မြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ တစ်နှစ်လျှင် ကီလိုမာလကာ တစ်ပင်လျှင် ပျမ်းမျှအလုံးရေ ၁၀၀-၁၂၀ ခန့်ထွက်ရှိပြီး တစ်ဧကလျှင် ပျမ်းမျှအလုံးရေ ၃၅၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်ဒေသတွင်း ရောင်းချမှုအပြင် အခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။
စီးပွား/ ကူးသန်း