ညောင်ဦး ဒီဇင်ဘာ ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်း ဦးဆောင်၍ ယနေ့ နံနက် ၇ နာရီက အိမ်တော်မီးပွိုင့်လမ်းဆုံမှ ရှင်ရဲတစ်ထောင်ဘုရားစုကြားအထိ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညို၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ Plastic Campaign အဖွဲ့မှ အသင်းဝင်အသင်းသားများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၂၇၀)တို့သည် အိမ်တော်မီးပွိုင့်လမ်းဆုံ၌ စုရပ်ပြု၍ ၎င်းနေရာမှ မြင်းကပါ ရှင်ရဲတစ်ထောင် တောင်ကုန်းကြားထိ လမ်းဘေးဝဲ/ယာ ဘုရားများပေါ်တွင် ပေါက်ရောက်နေသော အပင်များရှင်းလင်းခြင်း၊ ဘုရားအောက်ခြေရှိ သစ်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ လမ်းဘေးဝဲ/ယာရှိ အမှိုက်ကောက်သန့်ရှင်းခြင်းနှင့် ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဒီပါလင်း