နေပြည်တော် ဒီဇင်ဘာ ၂၄
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) ထုတ်ပြန်ကြေညာခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရုံးအမှတ်(၃၈)၊ အမျိုးသားအရေးပေါ်ကာလစီမံခန့်ခွဲမှုဗဟို အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ မဟာဗျူဟာနယ်ပယ် (၅)ရပ် အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီများမှ ကော်မတီဝင်များနှင့် မဟာဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့်ဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အနေဖြင့် ငွေကြေးခဝါချမှုများမှတစ်ဆင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများကို ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်အတွက် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးသည် အဖွဲ့အစည်း တစ်ခုတည်းက ဆောင်ရွက်ရသည့် ကိစ္စမဟုတ်ဘဲ သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်သည့်အတွက် အမျိုးသားအဆင့်မဟာဗျူဟာကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်တစ်ရပ်ချင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲဆောင်ရွက်ပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈)ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ဆက်လက်၍ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် ဇော်လင်းထွန်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈)ကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


