နေပြည်တော် ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီ နှင့် Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီတွင် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ၆၂ လမ်းပေါ်တွင် သိန်းဇော်ဦး မောင်းနှင်ပြီး ရန်နိုင်စိုး လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၄၀၀ ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်အောင်နှင့် ဗဟိန်းတို့ကို ပြည်ကြီးတံခွန်မြို့နယ်တွင် လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၁၈ ရက်တွင် မစန်းစန်းမြကို အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိနေအိမ်တွင် စိတ်ကြွရူးသပ်ဆေးပြား ၈၄,၀၀၀ နှင့်အတူ လည်းကောင်း။
စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာ ၁၉ ရက်တွင် မျိုးထွန်းအောင် (ခ) စိုင်းဓနအောင် (ခ) ကျောင်းဆရာကို ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ပြောင်း ဆေးဝါး Happy Water ၅ ဒသမ ၅ ကီလို၊ အက်တက်စီ ၈,၆၄၀ ပြား၊ အက်တက်စီအမှုန့် သုည ဒသမ ၂ ကီလိုနှင့် TOYOTA CROWN မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ် တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၌ ထိုက်စိုးကျော်ကို စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁ ဒသမ ၉ ကီလို၊ အက်တက်စီ ၉,၆၀၀၊ Happy 5 ဆေးပြား ၉,၀၀၀၊ Happy Water ၁ ဒသမ ၂၁၅ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း။
မန္တလေးမြို့ပေါ်ရှိ KTV၊ ဘား၊ ကလပ်နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ရောင်းချမည့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၈၄ သိန်း၊ ကက်တမင်း ၁ ဒသမ ၉ ကီလို၊ Happy Water ၆ ဒသမ ၇၁၅ ကီလို၊ အက်တက်စီ ၁၈,၂၄၀၊ အက်တက်စီအမှုန့် သုည ဒသမ ၂ ကီလို၊ Happy-5 ဆေးပြား ၉,၀၀၀တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် လူငယ်များ အားမူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်