နေပြည်တော် ဒီဇင်ဘာ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တိုင်း ဒေသကြီး သယံဇာတရေးရာ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့စားနွား မွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်၊ မြောင်းတကာရေကျော်ကျေးရွာ၌ အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် ဆိုင်ကယ်ပြင်သင်တန်း ဆင်းပြီးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသားတစ်ဦး၏ ရွှေညီကိုဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ မှော်ဘီမြို့နယ်၊ ယင်းတိုက်ပင်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာရှိ ဇင်ယော်နို့စားနွားမွေးမြူရေး သမဝါယမအသင်းသို့ သွားရောက်ပြီး အသင်းသားဦးရေ (၁၀)ဦးဖြင့် နို့စားနွားကောင်ရေ (၁၀၀)မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ နို့စားနွားမွေးမြူသူအသင်းသားများ၊ နွေစပါးစိုက်တောင်သူများ နှင့် တွေ့ဆုံဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးသံယံဇာတရေးရာဝန်ကြီးတို့က မှော်ဘီခရိုင်အတွင်းရှိ မှော်ဘီ မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ သမဝါယမအသင်း (၁၀)သင်းမှ အသင်းသားတောင်သူဦးရေ (၁၈၇)ဦးတို့၏ စိုက်ပျိုးမြေ (၂၅၅၁)ဧကအတွက် GW-11 နွေစပါး မျိုးစေ့များ နှင့် ယူရီးယား၊ ကွန်ပေါင်း၊ သဘာဝမြေဩဇာ စုစုပေါင်း (၃၄၀၅)အိတ် ကိုအသင်းသား တောင်သူများထံ ထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် မှော်ဘီမြို့နယ်၊ ထိန်စွန်းကျေးရွာသို့သွားရောက်၍ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သည့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ၊ ပန်းစိုက်စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကော်မီဝင် များ၊ ကျေးရွာရပ်မိ ရပ်ဖများနှင့်တွေ့ဆုံဆွေးနွေးကာ ကျေးရွာအတွင်းကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်၊ ရဲစုကျေးရွာ၌ကျေးလက် စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)ရန်ပုံငွေဖြင့် အစုအဖွဲ့စနစ်ဖြင့် မွေးမြူထားသော နို့စားနွားမွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လှည်းကူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၃၁၀၀ ကျော်၊ လူဦးရေ ၁၂၃၃၄ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် မင်းကုန်း- ဝါးယားကုန်း ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက် နေမှုကိုလည်းကောင်း၊ လှည်းကူးမြို့နယ်ရှိ သမဝါယမကောလိပ် (ဖောင်ကြီး)သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


