နေပြည်တော် ဒီဇင်ဘာ ၂၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)၏ (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်အတူ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ကြသည်။
လွှဲပြောင်းပေးအပ်
ဦးစွာ အခမ်းအနားအစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးက တပ်တော်ဝင် စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ရေတပ်သင်္ဘော ကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ်စုမှူးထံ တပ်တော်ဝင်စစ်ရေယာဉ်များနှင့် ပတ်သက် သည့် စာရွက်စာတမ်း များကို လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီး ချုပ်(ရေ)က တပ်တော်ဝင် အခမ်း အနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များအား ဂါရဝပြုပေးအပ်သည်။
ဆက်လက်၍ စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့် တင်ခြင်း၊ တပ်မတော်(ရေ)အလံ လွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း (၈) ချက်တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်စစ်ရေယာဉ်များဖြစ်သော (၆၃) မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်နှစ်စင်းတို့ကို လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ချီတက်အလေးပြု
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်(မုတ္တမ) ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူနေစဉ် စစ်ရေယာဉ် (ရန်တိုင်း အောင်)နှင့် စစ်ရေယာဉ် (ရန်ကြီးအောင်)တို့မှ အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေး ပြုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ဖရီဂိတ် စစ်ရေယာဉ်(အောင်ဇေယျ) ဦးဆောင်သော ဖရီဂိတ်စစ်ရေယာဉ် (ကျန်စစ်သား)၊ ဖရီဂိတ်စစ်ရေယာဉ် (ဆင်ဖြူရှင်)၊ ကော်ဗက်စစ်ရေယာဉ် (တပင်ရွှေထီး)၊ ကမ်းလွန်ကင်းလှည့်စစ်ရေယာဉ်(အင်းလေး)နှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ် (ရန်ရဲအောင်)တို့က ရှေ့နောက်တန်းပုံပြု (Single Line Formation) ပုံစံဖြင့်လည်းကောင်း၊ (၄၉) မီတာ အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်(ဒုံးပျံ) စစ်ရေယာဉ် (၄၉၁) ဦးဆောင် သော စစ်ရေယာဉ် နှစ်စင်းနှင့် အမြန်သွား ကင်းလှည့်ရေယာဉ်လေးစင်းတို့က ရင်ပေါင်တန်းပုံပြု (Line Abreast Formation) ပုံစံများဖြင့် အသီးသီးပုံပြု မောင်းနှင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြု ကြသည်။
ဂါရဝပြုပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ)က ဂုဏ်ပြုအလေးပြုပစ်ခတ်ထားသည့် ပထမဆုံးအမြောက် ကျည်ဆန်ခွံအား အထိမ်းအမှတ်လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုမောင်းနှင် ချီတက်အလေးပြုခဲ့ကြသည့် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင်ရေယာဉ်များ တည်ဆောက်ခဲ့ ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ် တံဆိပ်(Plaque)၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် လက်ဆောင်ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာ ယနေ့တွင် တပ်မတော် (ရေ)မှ တည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅)မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့် ရေချပေးခြင်း၊ (၆၃) မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ် နှစ်စင်းအား တပ်တော်ဝင် ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်၊ တပ်မတော်နှင့် တပ်မတော်(ရေ)တို့အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ (၁၃၅)မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးသည် လိုသလိုရွေးချယ် ပြောင်းလဲအသုံးပြုနိုင်သည့် ဂီယာစနစ်ပါဝင်သည့် ဒီဇယ် (သို့မဟုတ်) Gas Turbine ပေါင်းစပ်မောင်းနှင်မှု စနစ် (Combination of Diesel or Gas – CODOG) ကို တပ်ဆင်ထားသည့် စစ်ရေယာဉ်ကြီးဖြစ်ကြောင်း၊ တပ်မတော်(ရေ) အနေဖြင့် မြစ်တွင်းသွားရေယာဉ်များမှ ယခုဖရီဂိတ်စစ်ရေယာဉ်ကြီးများအထိ အဆင့်ဆင့်တိုးမြှင့်တည်ဆောက် နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်း၊ “ရေတပ်၏ တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်”ဟူသည့် ဆောင်ပုဒ် နှင့်အညီ ခေတ်မီစစ်ရေယာဉ်အသစ်များကို တည်ဆောက်ကာ ဝယ်ယူအသုံးပြုသူအဆင့်မှ ကိုယ်တိုင် တည်ဆောက်သူ (Buyer to Builder) အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း။
ဆက်လက်တိုးမြှင့်ဆောင်ရွက်
မြန်မာနိုင်ငံ၏ကမ်းရိုးတန်းသည် ရေမိုင် ၁၂၆၀ ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိကာ ရေပေါ် ရေအောက် အဖိုးတန်သယံဇာတများ၊ ပင်လယ် ကမ်းရိုးတန်း သဘာဝအလှတရားများစွာတို့ဖြင့် ပြည့်နှက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ပြီးပြည့်စုံပြီး အဖိုးတန်လှသည့် မြန်မာ့ပိုင်နက်ပင်လယ်ပြင်ကို ကာကွယ်နိုင်ရေးအတွက် တပ်မတော်(ရေ)ကို ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက် လာစေရေးစဉ်ဆက်မပြတ် တိုးချဲ့တည်ဆောက် ပေးနေခြင်းပင် ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့် စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်နိုင်သည့် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် ဒုတိယအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy / Regional Navy) အဖြစ်သို့ တက်လှမ်းနိုင်ရေးအတွက် လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ထိုသို့ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ်ဖြစ်စေရေးအတွက် တိုက်စွမ်းအားပြည့်ဝ သည့် စစ်ရေယာဉ်ကြီးများ မဖြစ်မနေလိုအပ်မည်ဖြစ်သဖြင့် ရေယာဉ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက် တိုးမြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ပင်လယ်ပြင်အကျိုးစီးပွားများကိုကာကွယ်
တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ် အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဟူသည့် အသင့်ဖြစ်မှု (၃) ရပ်နှင့် ပြည့်စုံအောင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့် ကိုယ်စီကျွမ်းကျင်မှုရှိစေရေး အမြဲမပြတ် လေ့လာလေ့ကျင့်နေရမည်ဖြစ်ပြီး လက်နက်နှင့် လက်နက်စနစ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ဆင့် ကမ်းပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် တပ်မတော်(ရေ)မှ မျိုးဆက်သစ်အရာရှိ၊ စစ်သည်များကိုလည်း ကောင်းမွန်သည့် အစဉ်အလာကောင်းများ လက်ဆင့်ကမ်းပေးသွားရန်နှင့် မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင်အကျိုး စီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ (၇၇)နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့မှသည် နောင်ရာစုနှစ်၊ ထောင်စု နှစ်ပေါင်းများစွာအထိ နိုင်ငံတော် နှင့် တပ်မတော်၏ ဂုဏ်ကို ဆက်လက်မြှင့်တင်သွားနိုင်ရန် ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။
စစ်ရေယာဉ်(ရတနာပုံ)ဖြင့် ထွက်ခွာ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ် (၃) ရေတပ်ဆိပ်ခံ တံတားမှ ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ်(ရတနာပုံ)ဖြင့် ထွက်ခွာကြသည်။
ထိုသို့သွားရောက်စဉ် စစ်ရေယာဉ်ပေါ်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီးချုပ်(ရေ)က(၇၇)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်နှင့် စစ်ရေယာဉ် များ တပ်တော်ဝင် အထိမ်းအမှတ်တံဆိပ်များအား ဂါရဝပြုပေးအပ်သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီရေတပ်စခန်းဌာနချုပ် ရှိ (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းတွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်းဌာနချုပ်အလိုက် ခင်းကျင်းပြသထား သည့် ပြခန်းများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ မြန်မာ့ရိုးရာစားသောက်ဖွယ်ရာ အရောင်းဆိုင်များ၊ စာအုပ် အရောင်းဆိုင်များနှင့် တပ်မတော်ထုတ် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


