ရန်ကုန် ဒီဇင်ဘာ ၂၅

(၇၇)ကြိမ်မြောက်၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသည့် စာပြန်သံဃာတော် (၇၇)ပါးတို့အား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဇောတိပါလ မြင်းခြံဆရာတော်ကြီး အမှူးပြုသော ပညာရေးအဖွဲ့ငယ်ဆရာတော်(၅)ပါးတို့က ကြွရောက် ချီးမြှောက်အားပေးခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းမှာ ၁၃၁၀ ပြည့်နှစ်တွင် သူဌေးကြီး ဆာဦးသွင်ကို ဥက္ကဋ္ဌ တင်မြှောက်၍ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်မှ တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းပြီး တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ပွဲဆိုင်ရာ လိုက်နာသင့်သည့် (စည်းမျဉ်းဥပဒေ)ကို ရေးသား၍ စာမေးပွဲကြီးကို (၁၃၁၀ ပြည့်နှစ်) ၁၉၄၈ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။

တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးသို့ ဝင်ရောက်ဖြေဆိုကြမည့် ရဟန်း သာမဏေများသည် အနည်းဆုံး ပထမကြီး၊ ဝိနယဝိဒူ၊ သာမဏေကျော်(တတိယဆင့်) အောင်မြင်ပြီးသောရဟန်း၊ သာမဏေများဖြစ်ရမည်ဖြစ်ပြီး သင်ရိုးပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ် များမှာ ဝိနယပိဋက ကျမ်းစာအုပ် ၅ အုပ်၊ စာမျက်နှာပေါင်း(၂၂၆၀)မျက်နှာ၊ သုတ္တန္တပိဋက၊ ကျမ်းစာအုပ် ၃ အုပ် စာမျက်နှာပေါင်း(၇၇၉) မျက်နှာ၊ အဘိဓမ္မပိဋက ကျမ်းစာအုပ် ၁၂ အုပ်၊ စာမျက်နှာပေါင်း (၄၉၈၇)မျက်နှာ၊ စုစုပေါင်းကျမ်းစာအုပ် (၂၀)အုပ်၊ စာမျက်နှာပေါင်း (၈၀၂၆) မျက်နှာဖြစ်၍ အာဂုံပြန်ဆို အောင်မြင်ပါက “တိပိဋကဓရဘွဲ့”ကို   ဆက်ကပ်ပြီး ယင်း ကျမ်းစာအုပ် (၂၀)နှင့် အဖွင့်ကျမ်းများဖြစ်သည့် အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ အနုဂဏ္ဌိ စသောကျမ်းစာအုပ်များမှ အဓိပ္ပါယ်အရကောက်များကို သဘောရေးဖြေ အောင်မြင်တော်မူလျှင် တိပိဋကဓရတိပိဋကကောဝိဒဘွဲ့ကို ဆက်ကပ်ကာ နိုင်ငံတော်က ကုန်း၊ ရေ၊ လေ အခမဲ့ အထက်တန်း ခရီးသွားလက်မှတ်(ရာသက်ပန်) တပည့်နှစ်ဦးအပါအဝင် လစဉ်ဆွမ်းဆန်တော်တို့ကို ဆက်ကပ်လှူဒါန်းသည်။ 

အာဂုံပြန်ဆိုချိန်မှာ တစ်ရက်လျှင် နံနက်ပိုင်း ၈ နာရီမှ ၁၀ နာရီအထိ(၄)ကြိမ်၊ မွန်းလွဲပိုင်း ၁ နာရီမှ ၄ နာရီအထိ (၅)ကြိမ် စုစုပေါင်း(၉)ကြိမ်နှုန်းဖြင့် (၁၈)ရက်တိတိ ပြန်ဆိုရပြီး သဘော ရေးဖြေ စာမေးပွဲကို မွန်းလွဲ ၁၂ ၃၀ နာရီမှ ညနေ ၄ ၃၀ နာရီအထိ (၅)ရက် ဖြေဆိုရကာ အာဂုံပြန်ဆိုရာတွင် အထစ်အငေါ့မရှိ ထူးကဲစွာပြန်ဆိုနိုင်လျှင် ဝိသိဋ္ဌဝိနယဓရ၊ ဝိသိဋ္ဌဒီဃဘာဏက နှင့် ဝိသိဋ္ဌအာဘိဓမ္မိကဘွဲ့၊ သဘောရေးဖြေတွင် သတ်မှတ်အောင်မှတ်နှင့်အထက်ရရှိပါက မဟာဝိနယ ကောဝိဒ၊ မဟာဒီဃနိကာယကောဝိဒနှင့် မဟာအဘိဓမ္မကောဝိဒဘွဲ့တို့ကို ဆက်ကပ် ၍ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ကို ခံယူရရှိတော်မူပြီး အနည်းဆုံး ၅ နှစ်သက်တမ်း ပြည့်မြောက်လျှင် “တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက”ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်သည်။

စာမေးပွဲကြီးစတင်ကျင်းပသည့် (၁၃၁၀ ပြည့်နှစ်) ၁၉၄၈ ခုနှစ်မှစ၍ ၂၀၂၄ ခုနှစ်အတွင်း တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ်(၁၆)ပါး ပေါ်ထွန်းခဲ့ပြီး တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ် (၁၆)ပါးတွင် သက်တော်ထင်ရှားဆရာတော်(၁၁)ပါးရှိ၍ (၅)ပါးပျံလွန်တော်မူပြီး ဖြစ်ကြောင်းနှင့် တိပိဋကဓရ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၆)ပါးတွင် သက်တော်ထင်ရှား ဆရာတော်(၅)ပါးရှိသည်။

ယနေ့တွင် အဘိဓမ္မာ(ဒုတိယပိုင်း) စာပြန်သံဃာ(၁)ပါး၊ အဘိဓမ္မာ (ပထမပိုင်း) စာပြန် သံဃာ(၁)ပါး၊ ဒီဃနိကာယ် စာပြန်သံဃာ(၅)ပါး၊ ဝိနည်း(ဒုတိယပိုင်း) စာပြန်သံဃာ (၃၉)ပါး၊ ဝိနည်း(ပထမပိုင်း) စာပြန်သံဃာ(၃၁)ပါး စုစုပေါင်း(၇၇)ပါးတို့ အာဂုံပြန်ဆိုလျက် ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်