အထက်မင်းလှ ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ဘွဲ့ကျေးရွာအုပ်စုရှိ ဇီးတောကျေးရွာ၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲနက် (ခေါ်) မောင်မခေါ်ပဲသီးနှံကို စိုက်ဧက ၄ဝ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ပဲနက်(ခေါ်)မောင်မခေါ်ပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ငါးလအကြာတွင် ခူးဆွတ်ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပဲနက်(ခေါ်)မောင်မခေါ်ပဲမျိုး တစ်တင်းခန့်ကုန်ကျကြောင်း သိရသည်။
ယခင်နှစ်က ပဲနက်တစ်ဧကလျှင် ၁၅ တင်းခန့် ထွက်ရှိပြီး အရောင်းအဝယ်ကောင်းသည့်အတွက် အကျိုးအမြတ်ရရှိခဲ့ကြောင်း ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြ ကြောင်းသိရသည်။ ယခုအချိန်တွင် ရာသီဥတုကောင်းမွန်၍ ပဲနက်(ခေါ်) မောင်မခေါ်ပဲစိုက်ခင်းများမှာ အသီးအပွင့်များဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံထွက်ပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲနက်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မကွေး)