ဒီဇင်ဘာ ၂၆

ကာဇက်စတန်နိုင်ငံအနောက်ပိုင်းတွင် အဇာဘိုင်ဂျန်လေကြောင်းလိုင်းခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် ၃၈ ဦးသေဆုံးခဲ့သည်ဟု ကာဇက်စတန်အာဏာပိုင်များက ပြောကြားသည်။

အဆိုပါလေယာဉ်သည် အဇာဘိုင်ဂျန်နိုင်ငံ မြို့တော်ဗာကူမှ ရုရှားနိုင်ငံတောင်ပိုင်း ချေချင်ညာပြည်နယ် ဂရော့စနီမြို့သို့ ဦးတည်ပျံသန်းနေသော်လည်း မြူခိုးများကြောင့် လမ်းကြောင်းပြောင်းလဲသွားခဲ့ပြီး ကက်စ်ပီယံပင်လယ် အရှေ့ဘက်ကမ်း အက်တူမြို့အနီးလေဆိပ်အနီးပျက်ကျပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

ထိုလေယာဉ်ပေါ်တွင် ခရီးသည် ၆၂ ဦးနှင့် လေယာဉ်အမှုထမ်း ငါးဦးလိုက်ပါလာသည်ဟု သိရသည်။ ဘရာဇီး Embraer ကုမ္ပဏီကထုတ်လုပ်သော Embraer 190 လေယာဉ်သည် အက်တူမြို့အနီးတွင် အရေးပေါ်ဆင်းသက်ရန်ကြိုးစားခဲ့သည်ဟု အဇာဘိုင်ဂျန်လေကြောင်းလိုင်းက ဆိုသည်။

လေယာဉ်ပျက်ကျမှုကြောင့် ၃၈ ဦးသေဆုံးပြီး အခြား ၂၉ ဦးမှာ ဆေးရုံတင်ထားရသည်ဟု ကာဇက်စတန်အာဏာပိုင်များက ပြောသည်။ လေယာဉ်ပျက်ကျသည့်နေရာမှ ယင်းလေယာဉ် ရုပ်၊ သံဖမ်းစက်ကို တွေ့ရှိခဲ့ကြောင်း ကာဇက်မီဒီယာတွင် ဖော်ပြထားသည်။ ကာဇက်စတန်နှင့် အဇာဘိုင်ဂျန်အစိုးရအဖွဲ့များက လေယာဉ်ပျက်ကျမှုဖြစ်ပွားသည့် အကြောင်းရင်းကိုသိရှိရန် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို