နေပြည်တော်၊ ဒီဇင်ဘာ ၂၆

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ UMFCCI မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ဆွေးနွေးပွဲမှ တစ်ဆင့်ရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင် ဗဟုသုတများကို မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် မိမိကိုယ်တိုင် ပါဝင်ကြရန်နှင့် မိမိမှစ၍ အဂတိလိုက်စားမှုများကို ငြင်းဆန်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက အဂတိလိုက်စားမှုပုံစံများသည် နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် မျှတပြီးလုံခြုံ စိတ်ချရသော ဈေးကွက်များဖြစ်ပေါ်၍ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ကောင်းကျိုးချမ်းသာ ရရှိစေရန်အတွက် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ခြင်းသည် အလွန်အရေးပါကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှုများကို ကော်မရှင်နှင့်အတူ ပူးပေါင်းတိုက်ဖျက်ပေးကြရန်နှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးအသိုက်အဝန်းကို ဖန်းတီးဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်းက အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူးချူပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်းလည်းကောင်း ဆွေးနွေးသည်။

 

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ဖြေကြား၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်