နေပြည်တော် ဒီဇင်ဘာ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်သို့ သွားရောက်ကာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှစ၍ (၅) နှစ် စီမံကိန်းဖြင့် ခေတ်မီစံပြကျေးရွာ (Smart Village) ဆောင်ရွက်နေသော မင်းလှသာစည်ကျေးရွာ၌ ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စီမံကိန်းကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်နှင့်တပြေးညီ ပြီးစီးရေး၊ ကျေးရွာသူကျေးရွာသားများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် ဆီထွက်သီးနှံများ အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားသည်။

ဆက်လက်၍ အခြေခံနှင့် မွမ်းမံအပ်ချုပ် သင်တန်းတက်ရောက်ခဲ့သော သင်တန်းသူများကို တွေ့ဆုံမှာကြားကာ ၎င်းတို့၏ သင်တန်းဆင်းလက်ရာများကို လိုက်လံကြည့်ရှုအားပေးသည်။

ယင်းစံပြကျေးရွာတွင် RBF ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ဖြင့် အစုအဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်း၍ ဒေသနွားမျိုးနှင့် ဆိတ်မျိုးများ မွေးမြူလျက်ရှိရာ ဒုတိယဝန်ကြီးသည် ဆိတ်မွေးမြူရေးအစုအဖွဲ့ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး သည်။

ထို့နောက် ခေတ်မီစံပြကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သော ကျေးရွာတွင်း ကွန်ကရစ်လမ်း ပေ (၆၀၀) ပြီးစီးမှုကိုလည်းကောင်း၊ ကျေးရွာသောက်သုံးရေ ရရှိရေးအတွက် ဆိုလာစနစ်သုံး စက်ရေတွင်းတူးဖော်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဖက်တောကျေးရွာသို့သွားရောက်ပြီး ရှင်သန်ခြင်း လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံကာ ဝါမျိုးကောင်း မျိုးသန့်များနှင့် သွင်းအားစုများ တောင်သူလက်ဝယ်သို့ အချိန်မီရရှိရေး၊ အဆင့်မီဝါများ ခူးဆွတ်နိုင် ရေး တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားပြီးအသင်းသားတောင်သူ ဒေါ်တာတာမိုး၏ B-31 ဝါမျိုး (၃) ဧက စိုက်ပျိုးထားမှုကို ကြည့်ရှုရာ ၎င်းစိုက်ခင်းမှ (၆) ကြိမ် ဆွတ်ခူးအပြီး ၄၁၃ ပိဿာ ထွက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ရန်အောင်ကျေးရွာသို့ သွားရောက်၍ TBL-9 ကုမ္ပဏီနှင့် သမဝါယမအသင်း သားတောင်သူများ ပူးပေါင်းလျက် မတ်ပဲမျိုးစေ့များ ထုတ်လုပ်နေမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်ပေးခဲ့သော ကျီနီစံပြကျေးရွာနှင့် ဟင်းခွက်အိုင် ကျေးရွာချင်းဆက်လမ်း အရှည် (၂) ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ကျီနီရွာ၏ မိရိုးဖလာလုပ်ငန်းတစ်ခုဖြစ်သော သံရည်ကျို ပုံသွင်းလုပ်ငန်း လုပ်ကိုင်နေ သည့် လုပ်ငန်းရှင် ဦးစိန်လွင်၏ အလုပ်ရုံသို့ သွားရောက်ကြည့်ရှု လေ့လာပြီး ကျောက်ဆည်မြို့နယ်၊ ဒွေးလှကျေးရွာသို့ သွားရောက်၍ နေကြာစိုက်သမဝါယမအသင်းသား တောင်သူများ နှင့်တွေ့ဆုံဆွေးနွေးရာ အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ရုရှားရွက်ဖျန်း သဘာဝမြေဩဇာကို မျိုးစေ့စိမ် သည်မှစ၍ အသုံးပြုစိုက်ပျိုးထားသော တစ်ဆက် တစ်စပ်တည်း ရေဆင်းစပ်မျိုး-၁ နေကြာစိုက်ဧက (၁၀) စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးသည်။

ထိုမှတဆင့် အမရပူရမြို့နယ် သမဝါယမအသင်းစု၊ အောင်သဇင် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းနှင့် အောင်နိုင်သစ္စာကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ တန် (၆၀) ကျ ခေတ်မီအဆင့်မြင့်ဆန်စက် တည်ဆောက်မည့် မြေနေရာကိုကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်