နေပြည်တော် ဒီဇင်ဘာ ၂၆

တောင်သူပူးပေါင်းပါဝင်သော စပါးမျိုးသားဆက်လိုင်းများ မွေးမြူခြင်း အခမ်းအနားကို ယနေ့ နက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ ကျေးချောင်း ကျေးရွာအုပ်စု ၌ကျင်းပရာ စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့မှ တာဝန်ရှိသူများ ၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ ၊ မကျီးပင်၊ ဥသျှစ်ကုန်း၊ ညောင်လွန့် ကျေးချောင်းကျေးရွာများမှ တောင်သူများ တက်ရောက်ကြသည်။

တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တောင်သူများကိုယ်တိုင် မျိုးမွေးမြူရွေးချယ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ငန်းတွင် ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်မှသာ တစ်နိုင်ငံလုံး၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု၌ မျိုးကောင်း မျိုးသန့်သုံးစွဲမှု လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် သုတေသီများ မျိုးစေ့ပညာရှင်များသည် တောင်သူများနှင့်အတူ သုတေသန စမ်းသပ်ကွက်အတွင်းကွင်းဆင်း၍ စပါးသား ဆက်လိုင်များကို ရွေးချယ်ကြရာ ဒုတိယဝန်ကြီး က ဤသို့ဆောင်ရွက်ခြင်းဖြင့် တောင်သူလယ်ကွင်းနှင့် သင့်တော်ကိုက်ညီသည့် ဗီဇပါမျိုးများ ရရှိနိုင်ကြောင်းနှင့် မျိုးရွေးချယ်ခြင်းဆိုင်ရာ မှတ်သားဖွယ်ရာများကို ရှင်းလင်းပြသသည်။

စပါးမျိုးသားဆက်လိုင်းများမွေးမြူခြင်းကို တပ်ကုန်းမြို့နယ် ကွင်းအမှတ် (၁၃၀၄) တောင်သူ ဦးသိန်းအောင် ၏ လယ်မြေတွင် စိုက်ပျိုးရေးဦးစီးဌာန က တာဝန်ယူ ၍  ကျော်ဇေယျ၊ ရတနာတိုး၊ ပြည့်ဝ နှင့် ရွှေအာဆီယံ မိဘမျိုးများကို မျိုးစပ်မွေးမြူရရှိသည့် သားဆက်-၆ (F-6) များကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကာ ယနေ့အခမ်းအနားတွင် တောင်သူများပူးပေါင်းပါဝင်၍ မျိုးရွေး ချယ်ကြခြင်းဖြစ်ပြီး တောင်သူများ စိတ်ဝင်စားမှုအရ မျိုးနှံများရွေးချယ်ကာ တောင်သူတစ်ဦးခြင်းအလိုက် ဆက်လက်စိုက်ပျိုး၍ မျိုးရွေးချယ်ကြမည်ဖြစ်သည်။

ထို့ပြင် ဒုတိယဝန်ကြီးသည်  ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသင့်တော်သည့် အထွက် ကောင်းမျိုးများရွေးချယ်ရရှိရေး တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ နှင့်  ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်  စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးများ ၊ ဆီထွက်နှင့် ဝါသီးနှံဇုန်တာဝန်ခံများ တက်ရောက် ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ အနေဖြင့် တောင်သူနှင့် တိုက်ရိုက်ထိတွေ့ကြရသည့် ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေး တာဝန်ခံများ၊ ဇုန်တာဝန်ခံများ ၊ ကွင်းတာဝန်ခံများ၏ စွမ်းဆောင်ရည်ပြည့်ဝရေး ၊ တောင်သူ့လိုအပ်ချက်ကိုသိရှိပြီး သက်ဆိုင်ရာဌာနများ သုတေသန ဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရေး ၊ ဒေသအလိုက် ဖြစ်ထွန်းအောင်မြင်စေမည့် သီးနှံမျိုးများကို ဖော်ထုတ် ရှာဖွေ၍ တိုးချဲ့ စိုက်ပျိုးနိုင်ရေး နှင့် တောင်သူဝင်ငွေတိုးစေမည့် သီးနှံပုံစံချမှတ်ပေး နိုင်ရေးစီမံ ဆောင်ရွက် ပေးရန်လိုကြောင်း၊ စိုက်ပျိုးဧက သီးနှံထွက်ရှိမှုပမာဏ ဆိုင်ရာ အခြေခံကိန်း ဂဏန်း စာရင်းဇယားများ တိကျမှန်ကန်ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးများ ၊ ဇုန်တာဝန်ခံများက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်