နေပြည်တော် ဒီဇင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ကျူးလွန် ဆောင်ရွက်နေမှုများ SOP နှင့်အညီ ရှင်းလင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေနံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးမြေများ သုံးစွဲမှုနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် ကျူးလွန်သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေး လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လယ်ယာမြေများ၊ စိုက်ပျိုးမြေများ မလျော့ပါးစေရေး၊ လယ်ယာမြေကို ခွင့်ပြုမိန်မရှိဘဲ အခြားနည်း ကျူးလွန်အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် SOP နှင့်အညီ ဘက်စုံထောင့်စုံစိစစ်ပြီး စနစ်တကျ ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များသို့ လယ်ယာမြေကို အခြာနည်း အသုံးပြုခွင့် လျှောက်ထားလာမှုများနှင့် စပ်လျဉ်း၍ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ဆောင်းသီးနှံများကို စိုက်ဧက ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးညီညီမင်းနှင့် နေပြည်တော် ဌာန ဆိုင်ရာများက နေပြည်တော်ကောင်စီအတွင်းရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုများကို SOP နှင့်အညီ စီမံဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်တင်ပြ ကြပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဖြည့်စွက်ဆွေးနွေးတင်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


