ရန်ကုန် ဒီဇင်ဘာ ၂၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီး (၁၁)ပါး၊ ကြီးကြပ်ရေးဆရာတော်(၄)ပါး၊ စာပြန်သံဃာတော် (၇၃)ပါးတို့အား ဖူးမြော်ကြည်ညိုကာ သမ္ဗာဓမုတ္တဂုဏ်တော်ဝန္ဒနာစသော ကျမ်းစာအုပ်(၅)မျိုးကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ရှိ ရွှေဂူကြီး(ဗုဒ္ဓဂါယာ)စေတီတော်၊ ကိုးသိန်း ကိုး သန်းစေတီတော်၊ ရွှေဂူလေးစေတီတော်၊ ရွှေအောင်ရွေးစေတီတော်နှင့် ကျိုက်ပွန်ဘုရားကြီးတို့ကို ဖူးမြော်ကြည်ညို၍ စေတီတော်များ ပရိဝုဏ်အတွင်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိသော နေရာများကို သက်ဆိုင်ရာ ဂေါပကအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး၍ ဦးစားပေးပြုပြင်ရမည့် နေရာများကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ကမ္ဘောဇသာဒီနန်းတော်သို့ သွားရောက်ပြီး လက်ယာဝန်းဆောင်၊ လက်ဝဲ ဝန်းဆောင်နှင့် စနုဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

ယနေ့ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၌ အဘိဓမ္မာ(ဒုတိယပိုင်း) စာပြန်သံဃာ(၁)ပါး၊ အဘိဓမ္မာ (ပထမပိုင်း) စာပြန် သံဃာ(၁)ပါး၊ ဒီဃနိကာယ် စာပြန်သံဃာ(၅)ပါး၊ ဝိနည်း(ဒုတိယပိုင်း) စာပြန်သံဃာ(၃၇)ပါး၊ ဝိနည်း (ပထမပိုင်း) စာပြန်သံဃာ(၂၉)ပါး စုစုပေါင်း(၇၃)ပါးတို့ အာဂုံပြန်ဆိုလျက်ရှိပြီး (၇၇)ကြိမ်မြောက် တိပိ ဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ (၃၃) ရက်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်