မုဒုံ ဒီဇင်ဘာ ၂၇

 

မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ဧက ၇၅၀၀၀ ကျော်ကို ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

လျာထားဧကထက် ၄၆၉ ဧက ကျော်လွန်စိုက်ပျိုး

 

ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများက ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေများကို အသုံးပြုကာ မြို့နယ်အတွင်း ကြဲခင်း ၄၃၄၈၄ ဧက၊ ရိုးရိုးပျိုးခင်း ၃၁၇၅၆ ဧက၊ ပေါင်ပျိုးခင်း ၃၄၃ ဧက၊ ကောက်စိုက်စက်တို့ဖြင့် ၈၂ ဧက စုစုပေါင်း မိုးစပါးသီးနှံ ၇၅၆၆၅ ဧကကို စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားဧကထက် ၄၆၉ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။ မုဒုံမြို့နယ်တွင် အဓိကအားဖြင့် စိုက်ပျိုးခဲ့သည့် သီးနှံများမှာ ပေါ်ဆန်းရင်၊ ဆင်းသုခ၊ မနောသုခ စသည့်မျိုးကောင်းမျိုးသန့် စပါးမျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြသည်။

 

ဒေသခံတောင်သူများက ဆောင်းသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရန် နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ မိုးစပါးများကို ရိတ်သိမ်းလျက်ရှိရာ ဒီဇင်ဘာလအထိ မိုးစပါးစိုက်ဧကများအားလုံးကို ရိတ်သိမ်း ခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း၊ စပါးအထွက်နှုန်းကောင်းမွန်စေရေးနှင့် စပါးရိတ်သိမ်းခြွေလေှ့ရာတွင် လေလွင့်မှုမရှိစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယခုနှစ်တွင် မိုးစပါး ၅၂၁၀၄၀၈ တင်း ထွက်ရှိကာ ဈေးကောင်းရရှိကြောင်း သိရသည်။

 

အောင်မျိုးသူ (ပြန်/ဆက်)