တပ်ကုန်း ဒီဇင်ဘာ ၂၇

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာစံရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပသည်။

 

ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဦးတည်ချက်များ၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအား ဟောပြောခဲ့သည်။

 

ထို့နောက် ပုံပြော၊ ကဗျာရွတ်၊ ပန်းချီ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ပြိုင်ဝင် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တိုးတိုးအောင်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဆုလက်ဆောင် လက်ဆွဲခြင်း၊ ထမင်းချိုင့်၊ ဇွန်း၊ ခရင်း၊ ရေဘူးတို့ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အားကစားပြိုင်ပွဲများဖြစ်သည့် ခါးလှည့်၊ ပူစီဖောင်းညှပ်၊ အာလူးကောက်ပြိုင်ပွဲများ ယှဉ်ပြိုင်ပြီး ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ အသိပညာပေးနံရံကပ် စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

တင်စိုးလွင်