ဒီဇင်ဘာ ၂၇

ပါကစ္စတန်နိုင်ငံတွင် ပိုလီယိုရောဂါဖြစ်ပွားသူ နှစ်ဦး ထပ်မံတွေ့ရှိခဲ့ရာ ယခုနှစ် လက်ရှိအချိန်အထိ  ပိုလီယိုရောဂါဖြစ်ပွားသူ ၆၇ ဦး ရှိလာကြောင်း အမျိုးသားကျန်းမာရေးအဖွဲ့အစည်း(အင်န်အိုင်အိတ်ချ်)က ယနေ့တွင် ပြောကြားသည်။

အဆိုပါပိုလီယိုရောဂါထပ်မံဖြစ်ပွားသူနှစ်ဦးကို နိုင်ငံအနောက်မြောက်ပိုင်း တင့်ခ်ခရိုင်နှင့် တောင်ပိုင်း ကက်ရှ်မိုခရိုင်တို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အင်န်အိုင်အိတ်ချ်ကဆိုသည်။

ယခုနှစ်အတွင်း တင့်ခ်ခရိုင်တွင် ပိုလီယိုရောဂါဖြစ်ပွားသူ လေးဦးမြောက်ရှိလာပြီး ကက်ရှ်မိုခရိုင်တွင် ပိုလီယိုရောဂါဖြစ်ပွားသူ နှစ်ဦးမြောက်ရှိလာကြောင်း ဖော်ပြထားသည်။ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် ပိုလီယိုရောဂါဖြစ်ပွားသူ ၂၇ ဦး၊ အနောက်မြောက်ပိုင်း ခီဘာပါခ်ထန်ရှ်ဝါပြည်နယ်တွင် ပိုလီယိုရောဂါဖြစ်ပွားသူ ၁၉ ဦး၊ တောင်ပိုင်းဆင်းဒ်ရှ်ပြည်နယ်တွင် ၁၉ ဦးနှင့် အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် တစ်ဦးနှင့် မြို့တော်အစ္စလာမာဘတ်တွင် တစ်ဦးတို့ဖြစ်သည်။

ခရိုင် ၁၄၃ ခုရှိ အသက်ငါးနှစ်အောက် ကလေး ၄၄ သန်းကျော်အား ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးမှုကို ယခုလအစောပိုင်းက ပြုလုပ်ခဲ့သည်။ ဒုတိယမြောက် ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးမှုကို ဒီဇင်ဘာ ၃၀ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို