နေပြည်တော် ဒီဇင်ဘာ ၂၇

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(ပုဂ္ဂလိက)ဖြင့် ဆောင်ရွက်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေးသရုပ်ပြစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာ၌ ကျင်းပသည်။

 

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr.  Ouyang Daobing နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက  စီမံကိန်းတွင် ပေ ၅၀၀ အနက်မှာရှိသည့် မြေအောက် ရေကို ရယူပြီး ရေစစ်ကန်အတွင်း ဖြတ်သန်း သန့်စင်ကာ အမြင့်တင်ရေစင်ဖြင့် ကျေးရွာအတွင်းသန့်ရှင်းသော သောက်သုံးရေဖြန့်ဖြူးသည့် စနစ်ကို  တည်ဆောက်ထားခြင်းကြောင့် ကျေးရွာရှိ အိမ်ခြေ(၄၃၀)၊ လူဦးရေ (၁၈၇၂)ဦးနှင့် ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းများကို အကျိုးပြုပေးနိုင် မည်ဖြစ်ကြောင်း၊ ကျေးရွာရေရရှိရေးလုပ်ငန်း ပုံမှန်လည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်း ရေးတို့ကို လည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကျေးရွာသူ၊ ကျေးရွာသားများပူးပေါင်း၍ လိုအပ်သည့် အစီအမံများ၊ ရန်ပုံငွေကောက်ခံရေး အစီအမံများကို ရေးဆွဲဆောင်ရွက်ကြရန်  ထပ်လောင်းမှာကြား လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေး သံမှူး Mr.  Ouyang Daobing ကတရုတ်-မြန်မာနှစ်နိုင်ငံ မဲခေါင်-လန်ချန်းစီမံကိန်းပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်  အစီအစဉ် များကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။

 

ယင်းနောက် SPIC (Myanmar) Zero Carbon Energy ကုမ္ပဏီမှဥက္ကဋ္ဌက စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ကျေးရွာကိုယ်စားလှယ်ထံ စီမံကိန်းဆိုင်ရာ အချက် အလက်များ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှကိုယ်စားလှယ်၊ နေပြည်တော် ကောင်စီဝင်၊ SPIC (Myanmar) Zero Carbon Energy ကုမ္ပဏီမှဥက္ကဋ္ဌတို့က စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် အမြင့်တင်ရေစင်၊ ရေသန့်စက်ရုံတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်တို့က ကဗ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖြန်းပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကိုလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)