နေပြည်တော် ဒီဇင်ဘာ ၂၇

 

မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ကော်မတီဝင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ကြသည်၊၊

 

ဦးစွာ ဒုတိယဝန်ကြီးက ကလေးအလုပ်သမား ဖြစ်ရပ်အများစုသည် မိသားစုစီးပွားရေး မပြေလည်သဖြင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်းအတွက် အခမဲ့ပညာသင်ကြားရေးနှင့် ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိပြီး အသက်မွေးဝမ်းကျောင်းပညာများကိုလည်း သင်ကြားပေး နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမှုများသည် အရေ အတွက်ထက် ပြန်လည်အသုံးချနိုင်သည့်အဆင့်ထိ သင်ကြားပေးရန်လိုကြောင်း၊ အဓမ္မခိုင်းစေခံရမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတွင် အသိပညာများရရှိလာ စေခြင်း၊ အဆိုးရွားဆုံးခိုင်းစေခံရခြင်းမှ လျော့နည်းလာစေခြင်းစသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းလာမည် ဖြစ်ကြောင်း မှာကြားသည်။

 

ဆက်လက်၍ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက် လာကြသူများက လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြ၍ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)