ရန်ကုန် ဒီဇင်ဘာ ၂၇
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယမန်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ မဟာဝိသုဒ္ဓါရုံပါဠိတက္ကသိုလ် ရွှေကျင် တိုက်သစ် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော်ကြီး ဘဒ္ဒန္တသီရိန္ဒာဘိဝံသ ဆရာတော်ထံသွားရောက်၍ ကျန်းမာရေးအခြေအနေများနှင့် သာသနာတော် ဆိုင်ရာကိစ္စရပ်များ မေးမြန်းလျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယနေ့ နံနက် ၉ နာရီတွင် ဒုတိယဝန်ကြီးသည် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း တော်ကပ်လှူပူဇော်နေမှု၊ စေတီတော်ကြီး၏ ထီးတော်၊ ကိုယ်လုံးတော်ကြံ့ခိုင်ရေး စစ်ဆေးဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်ကြီးအထက်ပိုင်းမှအောက်သို့ လုပ်ငန်းပြီးစီးမှု အဆင့်အလိုက် ရောင်တော်ဖွင့်လုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ရင်ပြင်တော်ပတ်လည် ဆီမီးခုံနှင့်စဉ့်ကွက်များ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု တို့ကို ရင်ပြင်တော်တစ်ပတ် လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အစည်းအဝေးခန်းမ၌ ဂေါပကအဖွဲ့ဝင်များနှင့်တွေ့ဆုံရာ ဂေါပကအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက်တင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေး ကြီးကြပ်မှုကော်မတီတို့၏ ညွှန်ကြားထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေးထား လိုက်နာရန်လိုကြောင်း၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့ရှိ ဗုဒ္ဓဂယာသို့ဘုရားဖူးအဖွဲ့များ သွားရောက်ကြရာ ကုမ္ပဏီများနှင့် ဘုရားဖူးခရီးသည်များ တရားမဝင်ပစ္စည်းများ သယ်ယူမှုမရှိစေရေး စိစစ်မတ်ရန် လိုကြောင်း၊ စည်းကမ်းချိုးဖောက်သော ကုမ္ပဏီများကိုလည်း ထိရောက်စွာအရေးယူဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီတို့မှဥက္ကဋ္ဌ၊ အဖွဲ့ဝင်များက ဆက်လက်ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


