နေပြည်တော်၊ ဒီဇင်ဘာ ၂၇

 

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၂၀၂၄) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့်လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးများ၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့မှူးများ တက်ရောက် ကြသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်မှုလှိုင်းများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး တို့အပေါ် သက်ရောက်မှု၊ နည်းပညာများ တိုးတက်လာမှုနှင့်အတူ အကြမ်းဖက်အုပ်စုများ၏ နည်းဗျူဟာ များ ပြောင်းလဲလာမှု၊ ဒရုန်းများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် AI နည်းပညာအသုံးဝင်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုတို့အကြား အပြန်အလှန်ဆက်စပ်နေမှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၏ အရေးပါမှု၊ နိုင်ငံအဆင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်ရန် ပြင်ဆင်နေမှုတို့နှင့်စပ်လျဉ်း၍ ပြောကြားသည်။

 

ဆက်လက်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ အကြမ်းဖက်အုပ်စုများက ကျူးလွန်ခဲ့သော အကြမ်းဖက်မှုကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံး/ဒဏ်ရာရရှိမှုနှင့် နိုင်ငံတော်ပိုင်/ ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆောင်ရွက်စဉ် အကြမ်းဖက်သမားများက အသုံးပြုခဲ့သည့် လက်နက်ခဲယမ်း များ သိမ်းဆည်းရမိမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ များနှင့်အ ညီ အရေးယူဆောင်ရွက်ခဲ့မှု၊  အကြမ်းဖက်အုပ်စုများနှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့များက ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများ နှင့်စပ်လျဉ်း၍ နိုင်ငံတကာသို့ သတင်းဖလှယ်ဆောင်ရွက်ခဲ့မှု၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ ရန်ပုံငွေရရှိသုံးစွဲမှု၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ဆုကြေးငွေ ထောက်ပံ့ပေးအပ်နိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ် ကျော်ဇေယျ က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ  အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုပိုင် ပစ္စည်းများနှင့် ရန်ပုံငွေများကိုထိန်းချုပ်ရန်အမိန့် ထုတ်ပြန်နိုင်ရေး၊ ငွေကြေးဝန်ဆောင်မှု၊ ငွေကြေးလွှဲပြောင်း မှုတို့ကို မည်သူမျှမပြုလုပ်ရန် တားမြစ်နိုင်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လုပ်ငန်းအဖွဲ့များပြန်လည်ပြင်ဆင်မှု၊ National Counter Terrorism Strategy ရေးဆွဲအကောင် အထည်ဖော်သွားရန် ပြင်ဆင်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ များ၊ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာလုပ်ငန်းတာဝန် များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ အကြံပြုတင်ပြခြင်းများ ဆောင်ရွက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးတွင် မှတ်တမ်းတင်ခဲ့သည့်အချက်များ၊ အတည်ပြုပေးခဲ့သည့် အချက်များ၊ ခွင့်ပြုပေးခဲ့သည့်အချက်များကို သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့များက လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ ငွေကြေး ခဝါချမှု၊ လက်နက်မှောင်ခိုမှုတို့အကြား ဆက်စပ်နေမှုကို အမြဲမပြတ် လေ့လာသုံးသပ်ပြီး အကြမ်းဖက် မှုများကို ခေတ်နှင့်အညီ တိုက်ဖျက်နိုင်ရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍမြှင့်တင်ရေး၊ အကြမ်းဖက်မှုများ၏ ဖြစ်စဉ်အမှန်ကို နိုင်ငံတကာက သိရှိစေရန်ဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးရန်ပုံငွေကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျအသုံးပြုရေး၊ အကြမ်းဖက်မှုကျူးလွန်နိုင်ရန် ငွေကြေးထောက်ပံ့မှု၊ အကြမ်းဖက်အုပ်စုများနှင့် ဆက်နွှယ်နေသော ငွေကြေးစီးဆင်းမှုများကို စုံစမ်းထောက်လှမ်းဖော်ထုတ်ရေး၊ တားမြစ်ထိန်းချုပ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)