နေပြည်တော်    ဒီဇင်ဘာ ၂၇

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တာဝန်ရှိသူများနှင့် ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်ရေးတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီက ပေးပိုသော e-ID လူဦးရေစာရင်းများကို Sever သို့ ထည့်သွင်းထားရှိပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့များအတွက် အများယုံကြည်လေးစားခြင်းခံရသူများ ခန့်အပ်တာဝန်ပေးဆောင်ရွက်နိုင်မှုများကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အများယုံကြည်လေးစားခြင်းခံရသောသူများကို ရွေးချယ်ပြီး ခန့်ထားနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ညှိနှိုင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နယ်မြေဒေသအပေါ်မူတည်၍ လိုအပ်သောအုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အရာထမ်းအမှုထမ်းများနှင့် ထားဝယ်မြို့၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌တွေ့ဆုံပြီး   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်က ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မဲရုံများဖွင့်လှစ်နိုင်မှုကို မဲဆန္ဒရှင်စာရင်းနှင့် နောက်ဆုံး အခြေအနေသင့်တင့်မှု ရှိစေရန်လိုအပ်ကြောင်း၊  နိုင်ငံရေးပါတီရုံးခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ပါတီဝင် အင်အားစာရင်းများကို နောက်ဆုံးအခြေအနေ အမြဲစုစည်းပြုစုထားရန် လိုအပ်ကြောင်းနှင့်  ဖြန့်ခွဲအသုံးပြု မည့် မဲရုံးသုံးပစ္စည်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိနှင့် တိုင်းဒေသကြီး အတွင်းရှိ အရာထမ်း၊ အမှုထမ်းတို့ကဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)