နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပုသိမ်မြို့ နယ်မြေခံသင်တန်း ကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံ အမှာစကား ပြောကြား၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအား တွေ့ဆုံအားပေး

 

နေပြည်တော် ဒီဇင်ဘာ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်မြေခံ သင်တန်းကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းသား များအား သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

နိုင်ငံတော်အပေါ်သစ္စာရှိ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင် အေးက အမှာစကားပြောကြားရာ တွင် ပြည်သူ့စစ်မှုထမ်းဥပဒေသည် မြန်မာနိုင်ငံတစ်နိုင်ငံတွင်သာမက နိုင်ငံတကာတွင်လည်း ပြဋ္ဌာန်း ကျင့်သုံးလျက်ရှိသည့် အခြေအနေ များ၊ အချုပ်အခြာအာဏာပိုင်ဆိုင် သည့် နိုင်ငံတိုင်းတွင် မိမိနိုင်ငံကို ကာကွယ်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည့် အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ အနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေသတ်မှတ်ချက်များနှင့်အညီ အကျုံးဝင်သူများကိုသာ စနစ်တကျရွေးချယ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သင်တန်းမှလေ့ကျင့်သင်ကြားပေး ထားသည့် စစ်အတတ်ပညာများကို လက်တွေ့စစ်မြေပြင်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ် သည့်အခြေအနေများ၊ နိုင်ငံတော် အပေါ်သစ္စာရှိရန်၊ စိတ်ဓာတ် ကောင်းမွန်ရန်နှင့် ကျန်းမာကြံ့ခိုင်မှုရှိအောင် နေထိုင်သွားကြရန် လိုအပ်သည့်အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)က အမှာစကား ပြောကြားရာတွင် စစ်သည်များ သည် နိုင်ငံတော်အလံကို မိမိ လက်ဖြင့် ကိုယ်တိုင်ထိတွေ့ပြီး သစ္စာ ၄ ချက်ကို ရွတ်ဆိုထားသည့် တပ်မတော်သားများ ဖြစ်သည်နှင့် အညီ နိုင်ငံတော်နှင့် တပ်မတော် အပေါ် သစ္စာစောင့်သိရန်၊ မိမိ ရဲဘော်ရဲဘက်များအပေါ် သစ္စာ စောင့်သိရန်၊ မိမိမိသားစုများ အပေါ် သစ္စာစောင့်သိရန် လိုကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်းသည် ပေးအပ် သည့်တာဝန်များအပေါ် ကျေပွန် စွာ အောင်မြင်စွာထမ်းဆောင်ခြင်း ပင်ဖြစ်ကြောင်း၊ မိမိရဲဘော်များ အပေါ် သစ္စာစောင့်သိခြင်းသည် ရဲဘော်စိတ်ဖြစ်သည့် ရဲဘော် အချင်းချင်းအပေါ်တွင် ထားရှိ သည့် မေတ္တာတရား၊ သံယောဇဉ် တရား၊ သစ္စာစောင့်သိမှု တရားပင် ဖြစ်ကြောင်း၊ မိသားစုအပေါ် သစ္စာစောင့်သိခြင်းမှာ မိမိကြောင့် မိမိ မိသားစုဂုဏ်သိက္ခာ မကျ အောင်၊ မိမိကြောင့် ပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် ပြည်သူများ ထိခိုက်နစ်နာမှုမရှိ အောင် ပြုမှုဆက်ဆံနေထိုင်ခြင်း ပင် ဖြစ်ကြောင်း။

 

အမြဲထိန်းသိမ်းစောင့်ရှောက်

တပ်မတော်သားအဖြစ် ခံယူ ထားပြီးဖြစ်သည့် သူများသည် နိုင်ငံတော်နှင့် တပ်မတော်တာဝန် များကို ၂၄ နာရီ တာဝန်ထမ်းဆောင် နေကြသည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတစ်ဦးချင်း ရရှိပိုင်ဆိုင်ထား သည့်ဂုဏ်သိက္ခာကို မကျဆင်း အောင်၊ မဆုံးရှုံးအောင် တပ်မတော်သားတစ်ဦး၏ ကျင့်ဝတ်စည်းကမ်းများကို အမြဲထိန်းသိမ်းစောင့်ရှောက် သွားရန် လိုကြောင်း။

 

တပ်မတော်သား တစ်ဦးဖြစ် သည်နှင့်အညီ ပေးအပ်လာသည့် တာဝန်များအပေါ် ကျေပွန် အောင် ထမ်းဆောင်သွားကြရန် လိုကြောင်း၊ ထို့ပြင် လေ့ကျင့် သင်ကြားပေးလိုက်သည့် စစ် အတတ်ပညာများကိုလည်း အမြဲ တမ်းလေ့ကျင့်ရမည်၊ အမြဲတမ်း စစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့် ဖြစ်ရမည် ဆိုသည့် မြဲ(၃)မြဲနှင့်အညီ အမြဲ မပြတ် လေ့လာလေ့ကျင့်လိုက်နာ သွားကြရန်နှင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဆိုသည့် ရဲ(၃)ရဲအတိုင်း ရန်သူကို ချေမှုန်းတိုက်ခိုက်ရမည် ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၆) အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးခဲ့ပြီး သင်တန်းဆင်း နိုင်ငံ့သားကောင်းများအနေဖြင့် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ များတွင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြကြောင်း၊ အဆိုပါ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများအနက်မှ အချိန် တိုအတွင်း နိုင်ငံတော်မှ ချီးမြှင့် ပေးအပ်သည့် စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိခဲ့ကြသည်ကိုလည်း ဂုဏ်ယူ ဖွယ်ရာ တွေ့ရှိရကြောင်း။

 

သင်တန်း ဆင်းပြီးနောက် သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့ အသီးသီးတွင် တာဝန်ထမ်းဆောင် ကြရာတွင်လည်း သင်တန်း ကျောင်းမှ သင်ကြားပေးလိုက် သည့် စစ်အတတ်ပညာများကို လက်တွေ့အသုံးချသွားကြရန်နှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များ ကိုလည်း လိုက်နာသွားကြရမည် ဖြစ်ကြောင်း၊ တာဝန်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ သင်ကြားတတ်မြောက်ထားသည့် စစ်ပညာများကို အပြည့်အဝ အသုံးချသွားကြရန်လိုကြောင်း။

 

အလွှာပေါင်းစုံမှ ဝင်ရောက်တာဝန်ထမ်းဆောင်လာကြသူများ ဖြစ်သော်လည်း ယခုအခါ တူညီ သော ယူနီဖောင်းကို ဝတ်ဆင် ၍ သင်တန်းကျောင်းများအလိုက် အရောင်အသွေးတူ၊ အတွေးအမြင်၊ ယုံကြည်ချက်၊ ခံယူချက်တူညီ အောင် လေ့ကျင့်ပေးလိုက်ပြီဖြစ် ၍ တပ်မတော်သားဘဝကိုဂုဏ်ယူ စွာဖြင့် ပေးအပ်လာသည့် မည်သည့် တာဝန်မျိုးကိုမဆို ကျေပွန်စွာ ထမ်းဆောင်နိုင်သော နိုင်ငံတော် နှင့် တပ်မတော်က ယုံကြည် အားကိုးရသည့် နိုင်ငံ့သားကောင်း ရတနာများ၊ မိသားစုက လေးစား တန်ဖိုးထားရသည့် သူရဲကောင်းများ အဖြစ် ကျင့်ကြံနေထိုင်သွားကြ ရန်လိုကြောင်းဖြင့် မှာကြား သည်။

 

ရင်းရင်းနှီးနှီးနှုတ်ဆက်

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ပြည်သူ့စစ်မှု ထမ်း သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ခဲ့ပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံ တပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင် တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း လိုက်လံကြည့်ရှု၍ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ဆေးဝါးကုသ ပေးထားမှု အခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန် လာမှု အခြေအနေများအား ရင်းရင်းနှီးနှီး လိုက်လံမေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။

           

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့အပြင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် တပ်နယ်အတွင်း မော်တော်ယာဉ်များဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ရဲမေ၊ မိသားစု ဝင်များကို အိမ်ထောင်သည် လိုင်းခန်းများအလိုက် ရင်းရင်း နှီးနှီး လိုက်လံတွေ့ဆုံ နှုတ်ဆက် အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ် ခြင်းနှင့် မူကြိုကလေးငယ်များအတွက် အာဟာရဖြည့် ဖြည့်စွက် စာများ တိုက်ကျွေးနိုင်ရန် ချီးမြှင့်ငွေ များ ပေးအပ်သည်။

 

အလားတူ ခရီးစဉ်တွင် လိုက်ပါ လာသည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများသည် သက်ဆိုင်ရာ ကွပ်ကဲမှုအလိုက် တပ်ရင်း/တပ်ဖွဲ့များသို့ လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုဝင် များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်