နေပြည်တော် ဒီဇင်ဘာ ၂၈
(၅၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီသော သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ခေါင်းစဉ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တောင်သူကြီးများအနေဖြင့် ရာသီဥတုပြောင်းလဲသည့်ဖြစ်စဉ်များကြောင့် ပြောင်းလဲစိုက်ပျိုးသင့်သည့် သီးနှံမျိုးနှင့် စိုက်စနစ်များကိုလည်း မျက်ခြေမပြတ်အောင် ပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး ပညာရှင်များ အနေဖြင့်လည်း တောင်သူ့လိုအပ်ချက်များကို အမြဲရင်းနှီးကျွမ်းဝင် သိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ တောင်သူ အခက်အခဲနှင့်လိုအပ်ချက်အပေါ် ထိရောက်စွာ ကူညီဖြေရှင်းပေးနိုင်မည့် နည်းလမ်းကို ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေါက်တာအောင်ကျော်သူက ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီသော သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးဂေဟဇုန်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုများသော ဒေသများ၊ မြန်မာနိုင်ငံတွင် ကျရောက်ခဲ့သော မုန်တိုင်းများ၊ ရေကြီးမှုနှင့် ခြောက်သွေ့မှုဖြစ်စဉ်များ၊ ရာသီဥတုပြောင်းလဲမှု၊ ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများ၊ ရာသီဥတုနှင့် လိုက်လျောညီသော သီးနှံစိုက်ပျိုးထုတ်လုပ်မှုပုံစံတို့ကို ဆွေးနွေးတင်ပြပြီး တောင်သူများ မေးမြန်းမှုကို အသေးစိတ်ဖြေကြား ဆွေးနွေးပြီး ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးကာ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးသည်။
ယနေ့ကျင်းပသည့် (၅၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သုတေသီများ၊ စိုက်ပျိုးပညာပေး ပညာရှင်များ၊ ဒက္ခိဏသီရိမြို့နယ်မှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများက Zoom point ၄၄ point မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


