နေပြည်တော် ဒီဇင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓါတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး၏ ၄၇ ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အဖွင့်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ဓါတုစယဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်အဘိသန္နဗိမာန်တော်၌ ကျင်းပရာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသရိန္ဒ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေသရိန္ဒထံမှ မြို့တော်ဝန် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ ဆရာတော်၊ သံဃာတော်များဦးဆောင်၍ ပရိသတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဋ္ဌိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြသည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ စက်သုံးဆီအ ရောင်းဆိုင်အမှတ် (၀၃၅၄) မှ ပြည်တွင်းထုတ်ဓာတ်ဆီ ဖြန့်ဖြူးရောင်းချနိုင်ရေး ပြုပြင် ဆောင်ရွက်နေ သည့်လုပ်ငန်း အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက စက်သုံးဆီအရောင်းဆိုင် ဥပဓိရုပ်ကောင်းမွန်စေရေး၊ အရောင်းဆိုင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်လှပစေရေး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းထုတ်ဓာတ်ဆီကို နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင်များဖြစ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တစ်ဆိုင်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နှစ်ဆိုင်၊ စုစုပေါင်း သုံးဆိုင်တို့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှ စတင်ဖွင့်လှစ်၍ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ဆိုင်နှင့် ရှမ်းပြည်နယ်တွင် တစ်ဆိုင်တို့အား ဇန်နဝါရီအတွင်း ဆက်လက်ဖွင့်လှစ်၍လည်းကောင်း အများပြည်သူသို့ ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


