နေပြည်တော် ဒီဇင်ဘာ ၂၈
    
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် - ပုသိမ်လမ်း တစ်လျှောက်ရှိ လမ်းနှင့်တံတားလုပ်ငန်းများ ထိန်းသိမ်းပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေများကို စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ရန်ကုန် - ပုသိမ်လမ်း မိုင်တိုင်အမှတ် (၂၁/ ၂) နှင့် (၂၁/ ၅) အကြား မယ်ဇလီတံတား ချဉ်းကပ်လမ်းတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် ဗိုလ်မြတ်ထွန်းတံတား ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရန်ကုန်-ပုသိမ်လမ်း အရှည် (၉၅) မိုင် (၆) ဖာလုံအား လမ်းအထူးအဖွဲ့ (၂၀)၊ လမ်းအထူး အဖွဲ့ (၂၁)၊ ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊ မအူပင်ခရိုင်၊ လမ်းဦးစီးဌာနတို့မှ အဖွဲ့ (၅) ဖွဲ့ဖြင့် ထိန်းသိမ်းပြုပြင်ခြင်းနှင့် မိုင်တိုင်အမှတ်(၁၀၅/ ၅) မှ (၁၀၈/ ၄)အတွင်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်စေရေး၊ လမ်းလုပ်ငန်းများကို မိုးမကုန်မီ အမြန်ပြီးပြတ်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရန်ကုန် - ပုသိမ်လမ်းမှ ဆပ်ကွင်း - ကညွှတ်ကုန်း - ရေလယ်ကွင်းလမ်း - ကျောက်ချောလမ်း (၁) မိုင် ခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
 ထို့နောက် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရန်ကုန် - ပုသိမ်လမ်းပေါ်ရှိ အပင်နှစ်ဆယ်တံတား အရှည်ပေ (၂၂၀) တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးစေရေး၊ သတ်မှတ် Design အတိုင်းဖြစ်စေရေးနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးပါ ၂၀၂၅ ခုနှစ်၊ မတ်လမကုန်မီ (AC) ကတ္တရာခင်းနိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်