နေပြည်တော် ဒီဇင်ဘာ၂၉

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း တစ်လျှောက်ရှိ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးရန်နိုင်ဇော်နှင့် Oriental Highway co,Ltd၊ Max Highway co,Ltd၊ Shwe Taung co,Ltd တို့မှ တာဝန်ရှိသူများက လမ်းလုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လမ်းများ ရေရှည်ကောင်းမွန်စေရေးအတွက် အမြဲမပြတ်ထိန်းသိမ်းဆောင်ရွက်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး ကောင်းမွန်စေရေး၊ စက်ယာဉ်ယန္တရားများအားလုံး လုပ်ငန်းခွင်သို့အချိန်မီ ရောက်ရှိစေရေး၊ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း မိုင်တိုင် အမှတ် (၂၂/၂) နှင့် (၂၂/၃) ကြား စက်ယာဉ်ယန္တရားကြီးများဖြင့် ပေ (၄၀) မြေသားတာဘောင် လုပ်ငန်းဆောင်ရွက်နေမှု၊ မိုင်တိုင်အမှတ် (၂၆/၅) ၌ မျက်ကွယ်ကွေ့ဖြတ်မြေလုပ်ငန်း ဆောင်ရွက်ခြင်း၊ မိုင်တိုင်အမှတ် (၃၀/၄) နှင့် (၃၀/၆) ကြား ပေ (၄၀) မြေသားတာဘောင်  လုပ်ငန်းဆောင်ရွက်နေမှု၊ ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကြက်သွန်ကွင်း (သာပေါင်း) - မကျီးဇင်လမ်း ကွန်ကရစ်ခင်းနေမှု အခြေအနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်