နေပြည်တော် ဒီဇင်ဘာ ၂၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုး ပြန်လည်ဖြည့်ဆည်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရာက်သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများနှင့်တွေ့ဆုံ၍ ယခုပေးအပ်သော တိရစ္ဆာန်များကို စနစ်တကျ အောင်မြင်စွာ မွေးမြူနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူရေး၊ တိရစ္ဆာန်အစာများကို ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ကျွေးမွေးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရရှိရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည် ဖြည့်ဆည်းပေးအပ်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများကို အစားထိုး ပြန်လည်ဖြည့်ဆည်းပေးသော ဒေသနွားများ လွှဲပြောင်းပေးအပ်သည့် မှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် တပ်ကုန်းမြို့နယ် ပုဏ္ဏမာကျေးရွာအနီးရှိ တောင်သူဦးဇော်မင်းထွန်း၏ ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ပျိုးမြေတွင် မေမြို့ပန်း၊ ဂန္ဓမာပန်းများနှင့် ခရမ်းသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များကို ပေးအပ်ကြပြီး မကျီးကုန်းကျေးရွာကွင်းအမှတ် ၁၄၅၀ တွင် ပိုက်ဆံလျှော် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၂၄၅/၇ တွင် နဝင်းချောင်းတံတား (အဆုံ) အရှည်ပေ ၁၉၀ ကို မူလနှစ်လမ်းသွားတံတားမှ လေးလမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


