ပုသိမ် ဒီဇင်ဘာ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မရမ်းကျေးရွာအုပ်စု မရမ်းကျေးရွာရှိ တောင်သူဦးအောင်ကျော်မိုး၏ ဆင်းရွှေကြာ ၂  ဆောင်း နေကြာ စံပြစိုက်ခင်း (၁၀) ဧကတွင် ဆောင်းနေကြာသီးနှံ ရွက်ဖျန်းမြေဩဇာ ပက်ဖြန်းခြင်းကို ကြည့်ရှုအားပေးပြီး ကရင်ဒုံးယိမ်း အကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဒေသခံ တောင်သူများအား ဆေးဖျန်းပုံးများနှင့် ရွက်ဖျန်းမြေဩဇာများ ပေးအပ်သည်။

ထို့နောက် ပန်းတနော်မြို့နယ် ဒေါဝါးကျေးရွာအုပ်စု၊ ဒေါဝါးကျေးရွာရှိ တောင်သူ ဦးကျော်ခိုင်ဝင်း၏ နွေစပါး စိုက်ဧက (၅) ဧကတွင် ဆိုလာရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများအား ယူရီးယားမြေဩဇာများ ပေးအပ်ကာ ကရင်ဒုံးအကအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်သည်။ 

ယင်းနောက် ဓနုဖြူမြို့နယ် ယင်းကဒစ်ကျေးရွာရှိ ရေနက်ကွင်းတွင် ရေတစ်ဘောင်၊ ကုန်းတစ်ဘောင် စိုက်ပျိုးနည်းစနစ်ဖြင့် အလွိုင်းကုမ္ပဏီမှ စိုက်ပျိုးထားရှိသော အုန်းချိုမွှေး စိုက်ပျိုးရေးခြံ ဧက(၁၈၀)သို့ သွားရောက်၍ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီး အုန်းချိုမွှေးလုပ်ငန်းအပြင် အုန်းသီးတန်ဖိုးကွင်းဆက်မြင့်မားရေး၊ အုန်းအခြေခံတန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်ဆောင်ရွက်ရန် မှာကြားသည်။ 

ဆက်လက်၍ မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာရှိ တေဇဝန္တာ ရာမ ပတ္တမြားကျောင်းတိုက်သို့ ရောက်ရှိကာ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတအား ဖူးမြှော်၍ သင်္ကန်းခြင်း၊ ဆန်နှင့် ဆီတို့အား ဆက်ကပ်လှူဒါန်းသည်။ 

ထို့နောက် မအူပင်မြို့နယ် လေးအိမ်စုကျေးရွာအုပ်စုသို့ ရောက်ရှိပြီး (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေး၍ လေးအိမ်စုကျေးရွာ ဓမ္မစကူးလ်ကျောင်း သီလရှင် ဆရာကြီး ဒေါ်ဟေမာစာရီအား ဆန်နှင့် ဆီများ လှူဒါန်းကာ ဓမ္မစကူးလ် ကျောင်းသား ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်သည်။ 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ လမ်းညွှန် အမှာစကားပြောကြားပြီး ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က  လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ဆက်လက်၍ ညောင်တုန်းမြို့နယ် ကျုံတမာကျေးရွာအုပ်စု ချောင်းဝကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ပြီး ကရင်တိုင်းရင်းသားများနှင့်တွေ့ဆုံ၍ "ကရင်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် စစ်မှန်သည့် ရိုးရာအမွေအနှစ်များကို မပျောက်မပျက် ထိမ်းသိမ်းကြကာ စည်းလုံးညီညွှတ်စွာဖြင့် နေထိုင်သွားကြရန်လိုကြောင်း" နှစ်သစ်အကြို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကရင်ရိုးရာဒုံးအကဖြင့် ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေး၍ ချီးမြှင့်ငွေများပေးအပ်သည်။

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် အ.ထ.က ညောင်အိုင်ကျောင်းသို့ ရောက်ရှိပြီး ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပမှုနှင့် စာသင်ခန်းအခြေအနေများကို လှည့်လည်ကြည့်ရှု၍ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး၊ ဆရာ ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့် တွေ့ဆုံကာ ပညာရေးကဏ္ဍ ဘက်စုံတိုးတက်ဖွံ့ဖြိုးစေရေး  တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းမှာကြားသည်။

ထို့နောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲတွင် (၇၅ ဒသမ ၈၆) ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရာနှုန်းပြည့်နှင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၇၅) ရာခိုင်နှုန်းရရှိအောင် စွမ်းဆောင်နိုင်သော အ.ထ.က ညောင်အိုင်ကျောင်းအား ငွေကျပ် (၁၀) သိန်း ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်းစဉ်