ခင်ရတနာ

 

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝက လွတ်မြောက်၍ လွတ်လပ်ရေးရရှိသော (၇၇) နှစ် မြောက် နေ့ထူးနေ့မြတ်ဖြစ်သည်။ လွန်ခဲ့သည့် (၇၇) နှစ် ဇန်နဝါရီလဆန်းပိုင်းကတည်းက လွတ်လပ်ရေးရရှိတော့မည့် မင်္ဂလာအချိန်အခါကို ပြည်သူတို့ စောင့်ဆိုင်းနေကြလိမ့်မည်။

 

အေးမြသော ဆောင်းအငွေ့အသက်တို့ဖြင့် ထုံလွှမ်းထားသည့် ရန်ကုန်မြို့သည် သူ၏ မြေပေါ်၌ နိုင်ငံတော်အလံ တိုင်ထက်လွှင့်ထူခြင်းကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေမည်လားမသိ။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်။ နံနက်ဝေလီဝေလင်းတွင် လွတ်လပ်ရေး ကြေညာမည်ဟူသည့် သတင်းစကားသည် ရန်ကုန်မြို့မှသည် နယ်စွန်နယ်ဖျားမကျန် ပျံ့နှံ့လာခဲ့သည်။ ညလုံးပေါက် မအိပ်ဘဲ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသူများ၊ လွတ်လပ်စွာ ဖြတ်သန်းရတော့မည့် လက်ကျန်ဘဝများအတွက် ကြိုတင်စီမံကိန်းချသူများ၊ လွတ်လပ်ရေး၏ အရသာကို ပုံဖော်ခံစား နေကြသူများ၊ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့သည့် အာဇာနည်အပေါင်းအား လွမ်းမောသတိရ ကျေးဇူးတင်နေ ကြသူမျာစသည်ဖြင့် အုတ်အုတ်ကျက်ကျက်ရှိနေသည်ဟု သမိုင်း မှတ်တမ်းများတွင် ဖတ်ရှုရသည်။ ထိုနေ့သည် နှစ်ပေါင်း ၁၀၀ ကျော် သူတစ်ပါး ထိန်းချုပ်ခံ ကျွန်ဘဝမှ လွတ်မြောက်၍ ကိုယ့်နိုင်ငံ၏ ကြမ္မာကို ကိုယ်တိုင်ထုဆစ် ရေးခြယ်ခွင့်ရရှိသည့်နေ့မို့ လူတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြမည် ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

 

နံနက် ၄ နာရီ မိနစ် ၂၀ တိတိတွင် ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ဗမာ့တပ်မတော်နှင့် ဗြိတိသျှ ရေတပ်တို့မှ အမြောက်သံများကို စတင်ကြားရသည်။ တဒုန်းဒုန်း ပစ်ခတ်လိုက်သည့် အမြောက်သံများက စစ်ပွဲများအတွက်မဟုတ်၊ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိတော့မည့်အတွက် အခါတော်ပေးသည့် အမြောက်သံများပင်ဖြစ်သည်။ အမြောက်သံများ၏ အဆုံးတွင် ရန်ကုန်မြို့ဝန်ကြီးများရုံးရှေ့ နှစ်ပေါင်း ၁၀၀ ကျော် ဦးညွှတ်ခဲ့ရသည့် ယူနီဂျက်အလံမှာ တိုင်ထိပ်ဆီမှအောက်သို့ တဖြည်းဖြည်း လျှောကျသက်ဆင်း၍ လာခဲ့သည်။ ထို့နောက် မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် မြန်မာနိုင်ငံတော်အလံ ကား တိုင်အောက်မှ တိုင်ထိပ်ဆီသို့ တစ်ဟုန်ထိုး မြင့်တက်၍သွားကာ တိုင်ထိပ်ဖျားဆီတွင် နေရာယူသည်။ ဟေမန်ဆောင်း၏ လေပြေညင်းက တိုင်ထိပ်ဖျားဆီမှ နိုင်ငံတော်အလံ တလွင့်လွင့်ဖြင့် ပို၍ဂုဏ်တင့်အောင် ပံ့ပိုးနေသယောင်။

 

လွတ်လပ်သောအရသာ

လွတ်လပ်ရေးရသဖြင့် အချို့သော ပြည်သူများက ဝမ်းသာသဖြင့် မျက်ရည် လည်ကြသည်။ အချို့က ထ၍ကကြ သည်။ အချို့က အလှူအတန်းများပေးသည်။ အချို့မှာ ပျော်မဆုံး မော်မဆုံး ပြေးလွှားဟစ်အော်လျက်။ အချို့ကတော့ ငြိမ်သက်စွာလွတ်လပ်သော အရသာကိုခံစားကြ၏။ သူ့ကျွန်ဘဝမှ လွတ်မြောက်သည့်နောက်ပိုင်း ပြည်သူတို့၏ မျှော်လင့်ချက်မှာ တိုးတက်အောင်၊ စည်ပင်ဖွံ့ဖြိုးအောင် ဝိုင်းဝန်းကြံဆောင်ကြမည်။ ကလေးများ၏အသံ စာသင်ကျောင်းများအထက် ဘဝဂ်သို့ညံကြမည်။ မီးခိုးတလူလူဖြင့် စက်ရုံကြီးများ လည်ပတ်ကြမည်။ တောင်တန်းနှင့် ပြည်မ၊ မြေပြန့်နှင့် တောင်ပေါ်၊ အညာမှ အကြေ စသည်ဖြင့် ကားလမ်းကြီးများ၊ ရထားလမ်းကြီး များပေါ်တွင် ဥဒဟိုသွားလာကြမည်။ စစ်ပွဲတို့ရပ်ကာ ငြိမ်းချမ်းရေးပန်းခင်း ကြီး ထာဝရပွင့်ဖူးကြတော့မည်ဟူသည့် စိတ်အစဉ်ဖြင့် ပျော်မဆုံးဖြစ်ခဲ့ကြသည်။

 

လွတ်လပ်ရေးမရမီနှစ် လုပ်ကြံမခံ ရမီက မြို့တော်ခန်းမတွင် ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ရပ်တွင် ဗိုလ်ချုပ် အောင်ဆန်းက ရှေ့ရေးကိုကြိုမြင်ခဲ့သည့်အလား ပြည်သူများကို “လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ အခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ သောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီ” ဟု ဘွင်းဘွင်းရှင်းရှင်းဆိုခဲ့သည်။ ဗိုလ်ချုပ် သတိပေးခဲ့သော်လည်း မိမိတို့ယနေ့တိုင် စည်းကမ်းလိုက်နာမှု အားနည်းနေသေးသည်။ ညီညွတ်မှုတို့ ပျောက်ဆုံးနေရဆဲ၊ လွတ်လပ်ရေး၏ အရသာကို ပြည်သူများ တင်းပြည့်ကျပ်ပြည့် ခံစား ခွင့်မရရှိဆဲ။

 

ခိုးလိုးခုလုဖြစ်နေရဆဲ

အင်္ဂလိပ်တို့သည် တောင်တန်းဒေသများကို လွတ်လပ်ရေးချက်ချင်းမပေးလို သည့် စေတနာဆိုးဖြင့် တောင်တန်း ပြည်ပခွဲခြားသပ်လျှိုခဲ့သည့် ပရိယာယ်သည် ယနေ့တိုင် တောင်တန်းသားနှင့် မြေပြန့်သားတို့အကြား ခိုးလိုးခုလုဖြစ်နေရဆဲ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များက အမြော်အမြင်ကြီးစွာ ငြင်းကြခုံကြ ဆွေးနွေးကြရင်း ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့်သာ လွတ်လပ်ရေးအတူတကွ ရယူနိုင်ခဲ့ ကြသော်လည်း ဗိုလ်ချုပ်မရှိတော့သည့်နောက်ပိုင်း တောင်တန်းသား၊ မြေပြန့်သား၊ ဗမာ၊ တိုင်းရင်းသား စသည့်ငုပ်လျှိုး နေသည့် အယူအဆမှာ အမြစ်တွယ်လျက် အခါအခွင့်သင့်တိုင်း ခေါင်းထောင်၍ ထသည်မှာ ယနေ့တိုင် မငြှိမ်းသတ်နိုင် သေးသည့် စစ်မီးများ၏အစပင် ဖြစ်ပါသည်။ လက်နက်ကိုင် တော်လှန်ခြင်းကို အင်္ဂလိပ်ခေတ်နှင့် ဂျပန်ခေတ်တို့တွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည့် လွတ်လပ်ရေးရပြီးစ မိမိတို့နိုင်ငံ၏ အခြေအနေကို သမိုင်းဖြစ်စဉ်များနှင့် ဆက်စပ်၍ ကြည့်မိသည်။ မဟာမိတ်တပ်များနှင့် ဂျပန်တို့၏ ထောင်းထောင်းကြေ စစ်တလင်းအဖြစ် ငါးနှစ်ကျော်ဖြတ်သန်းခဲ့ပြီး လွတ်လပ်ရေးရရှိချိန်တွင် အခြေခံ အဆောက်အအုံ အတော်များများ ပျက်စီးနေခဲ့ရပြီးဖြစ် သည်။ ဘူတာရုံများ၊ ရထားလမ်း၊ ကား လမ်းများကား အပြိုပြိုအလဲလဲ၊ စက်ရုံ အလုပ်ရုံများကား မီးလောင်တစ်စပြင်၌ ဟိုတစ်စု ဒီတစ်စု ပြန့်ကျဲလျက်၊ အမြို့မြို့ အနယ်နယ်တွင် ဗုံးကြဲလေယာဉ်များ ကြောင့် ပျက်စီးမှုများစွာတို့နှင့် မရှင်း လင်းနိုင်သေး။ ကိုလိုနီတို့ ဆုတ်ခွာရာ တစ်လျှောက် ပျက်စီးခဲ့ရသည့် စိုက်ခင်း များ။ ဘုရားရင်ပြင်တော်များ၊ ဇရပ်များ၌ စစ်ဘေးသင့် ပြည်သူများစွာက အိမ်မပြန် နိုင်သေး။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များစွာတို့က အသင့်စောင့်ဆိုင်း နေချိန်ဖြစ်ပါသည်။

 

မငြိမ်းသောမီး တငွေ့ငွေ့

လွတ်လပ်ရေးရပြီး သက်တမ်းနုနု မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုလမ်း ကြောင်းပေါ်၊ ထူထောင်ရေး လမ်းကြောင်းပေါ်တက်မည် ကြံသည်သာရှိသေး မတူညီသော နိုင်ငံရေးအယူအဆမျိုးစုံ၊ ကွဲပြားသော အတွေးအခေါ် မျိုးစုံနှင့် ကွန်မြူနစ်တို့က တောခိုကြသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မူဂျာဟစ်ဒင်တို့က ထိန်းချုပ်ရန်တာစူကြသကဲ့သို့ ကေအန်ယူက ရန်ကုန်မြို့အနီး အင်းစိန်သို့ပင် ပြောင်ပြောင်တင်းတင်း နီးကပ်လာသည်အထိ ဖြစ်ခဲ့သည်။ အတွေ့အကြုံနုနု အစိုးရအဖို့ တိုင်းပြည်၏ မုန်တိုင်းများအကြား အလူးအလဲဖြင့် ရင်ဆိုင်ဖြေရှင်းနေရသည်။ ဗမာ့တပ်မတော်ခမျာလည်း ရောင်စုံသူပုန်များအကြား လက်မလည်နိုင်ခဲ့။ ဆိုရလျှင် လွတ်လပ်ရေး၏ ဖွားဖက်တော်များဟု ကဲ့ရဲ့ရှုတ်ချရမည့် လက်နက်ကိုင်ပဋိပက္ခ သည်ကား မငြိမ်းသောမီးအဖြစ် တငွေ့ငွေ့ တောက်လောင်ခဲ့သည်မှာ ယနေ့တိုင်ပင်မဟုတ်ပါလော။

 

စစ်ပွဲများအဆုံးသတ်ရေး

ပြီးခဲ့သည့်နှစ်ပေါင်း ၇၇ နှစ်လုံးလုံး စစ်ပွဲများဖြင့်သာ ပြီးခဲ့သည်ကား မဟုတ်ပါ။ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များက ဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေး စသည်တို့ကို အကြောင်းရင်းခံပြု ဖြစ်ပေါ်ခဲ့သည့် စစ်ပွဲများ အဆုံးသတ်ရေးအတွက် ဖိတ်ခေါ်ဆွေးနွေးခြင်း၊ လက်နက်များကို ထားရစ်ကာ စားပွဲဝိုင်းများဆီ အဖြေရှာရန် ညှိနှိုင်းခဲ့သည်မှာ အခါခါပင်ဖြစ်သည်။ တစ်ဖက်တွင်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတို့ကိုလည်း အစိုးရများက ဆောင်ရွက်ခဲ့ကြရသည်။ ထို့အတူ အန္တိမပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဒီမို ကရေစီလမ်းကြောင်း ဖြောင့်ဖြူးစေမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လည်းကောင်း၊ လွှတ်တော်များ၏ အခန်းကဏ္ဍကိုလည်းကောင်း နိုင်ငံရေး စာမျက်နှာသစ်ဖွင့်လှစ်၍ ဒီမိုကရေစီ အစိုးရနှစ်ဆက်တိုင် ကြိုးပမ်းဖော်ဆောင် နိုင်ခဲ့သည်။ ဒီမိုကရေစီခရီးလမ်းကား ဖြောင့်ဖြူးရန်ကြံစဉ်မှာပင် မဲမသမာခြင်း မှ အစပြုသည့် နိုင်ငံရေးအပြောင်းအလဲ ကာလတစ်ရပ်ကို ဖြတ်သန်းခဲ့ရပြီး CRPH, NUG အစရှိသည့် ပြည်ပြေး အကြမ်းဖက်သစ္စာဖောက်များ၊ ပြည်တွင်း ပြည်ပ သွေးထိုးမြှောက်ပင့်သူများ၏ နောက်လိုက် PDF အကြမ်းဖက်များနှင့် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ၊ ပြည်နာမှ ငွေရှာကောင်းမည်ဟူသော ရည်ရွယ်ချက်အပြည့်ဖြင့် လက်နက်ကိုင် သူပုန်အဖွဲ့များကလည်း တိုင်းပြည် အလုံးစုံပျက်စီးရေးကို ဦးတည်ရှေးရှု လျက် စစ်တလင်းကို များများဖန်တီး နေခြင်းမှာ အားလုံးအသိပင်ဖြစ်သည်။

 

လွတ်လပ်ရေး သက်တမ်းရင့် တိုင်းပြည်တစ်ခုအနေဖြင့် နိုင်ငံရေး ရင့်ကျက်မှုကား ယနေ့တိုင်မရနိုင်သေး၊ ပြည်သူတို့မှာ နိုင်ငံရေးမတည်ငြိမ်မှု၏ အကျိုးဆက် စီးပွားရေးချွတ်ခြုံကျမှု၊ တရားဥပဒေမစိုးမိုးမှုနှင့် စစ်ဘေးဒဏ်တို့ အကြား မလူးနိုင် မလွန့်နိုင်။ နိုင်ငံ၏ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား၊ စက်ရုံ၊ အလုပ်ရုံ၊ လျှပ်စစ် ဓာတ်အားပေးဝေမှုနှင့် လူ့စွမ်းအား အရင်းအမြစ်ပျိုးထောင်ရေး အစရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အားလုံးသည် တည်ဆောက်ရင်း၊ ဖျက်ဆီးခံရရင်းဖြင့် သံသရာလည် နေဆဲ။

မျိုးဆက်သစ်အချို့ တောခိုရင်း မျှော်လင့်ချက်မဲ့နေရသည့် သတင်းများ၊ ပြည်ပလက်ဝေခံများ၏ သွေးထိုး လှုံ့ဆော်မှုကို ယုံကြည်၍ မိမိတို့ဒေသဆီ စစ်ပွဲများ ဖိတ်ခေါ်ကြိုဆိုခဲ့ခြင်း၏ အကျိုး ဆက် ပြန်စရာအိမ်မဲ့ခဲ့ရသည့် လူငယ် များ၊ စာသင်ကျောင်းများ မဖွင့်နိုင်၍ လမ်းပျောက်နေကြရသည့် လူမမယ်များ၊ နိုင်ငံရေးအကြောင်းပြကာ တော်လှန်ရေး အမည်တပ်၍ ပုံစံအမျိုးမျိုးသုံး အလှူခံ ပြီးနောက် ငွေထုပ်ပိုက်၍ ပြည်ပ၌ ကိုယ်ကျိုးစီးပွား အောင်မြင်ဖြစ်ထွန်းနေ ကြသော နိုင်ငံရေးသမားအမည်ခံ ကိုယ်ကျိုးရှာ တိုင်းပြည်သစ္စာဖောက်များ စသည့် သတင်းအချက်အလက် အကြောင်းအရာများကို မြင်ရတိုင်း နိုင်ငံသားတို့ ရင်ထုမနာဖြစ်ရသည်။

 

နိုင်ငံရေးရင့်ကျက်မှုရှိသင့်ကြပြီ

စင်စစ် စစ်မီးများ ငြိမ်းအေးစေရန် လက်နက်ကိုင် အင်အားစုများ အားလုံးက အမြော်အမြင်ရှိရှိ ငြိမ်းချမ်းရေးကို ရှေးရှုကာ နိုင်ငံရေးရင့်ကျက်မှုရှိသင့်ကြ ပြီဖြစ်သည်။ တိုင်းပြည်ချစ်စိတ်ကို အခြေခံကာ စစ်မှန်စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီနိုင်ငံဖြစ်စေရန်အတွက် နိုင်ငံသားများအားလုံး ကြိုးပမ်း ဆောင်ရွက်သင့်ပါပြီ။ ဒီမိုကရေစီခရီး လမ်းတွင် လွတ်လပ်မှု၏ အရသာကို နိုင်ငံသားတိုင်း ခံစားခွင့်ရှိသည်။ လွတ်လပ်မှုကို လူတိုင်းမဲဆန္ဒပေးခွင့် အဖြစ် အတိအကျ သတ်မှတ်ပြဋ္ဌာန်းထားသည်။ နိုင်ငံသားတိုင်းထံတွင် နိုင်ငံရေး အာဏာ၏ အသေးဆုံး ဝေစုတစ်ခု အပ်နှင်းပေးထားပြီးသားပင် ဖြစ်သည်။ ထိုအရာသည်ပင် လွတ်လပ်သောနိုင်ငံ အတွင်း လူတိုင်းလုပ်ကိုင်ခွင့်ရရှိသည့် အခြေခံအကျဆုံး နိုင်ငံရေးလုပ်ပိုင်ခွင့် တစ်ရပ်ပင်ဖြစ်သည်။

 

လက်ရှိ စစ်မီးတို့ အဓိကပြဿနာ သည် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းနေကြခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးတံခါးကို ယခင်အဆက်ဆက်ကတည်းက ဖွင့်ထားသည်။ ယခုလည်း ဖွင့်ထားဆဲ ပင်။ ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ်ဆန္ဒရှိမည် သို့မဟုတ် နိုင်ငံရေး ရင့်ကျက်မှုရှိ၍ ပြည်သူလူထု အကျိုး စီးပွားကို အမှန်တကယ်ရှေးရှုမည် ဆိုပါက ကိုင်စွဲထားသည့်လက်နက်များ ကို ဘေးချကာ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ အရောက်လာစေလိုပါသည်။

 

(၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ မှသည် ပြည်သူများအားလုံး လိုလား တောင့်တရသော ဆန္ဒမီးရှူးတိုင်ဖြစ် သည့် ပဋိပက္ခများချုပ်ငြိမ်း၍ ငြိမ်းချမ်း ရေးအသီးအပွင့်များ အမြန်ဆုံးခံစားရ ပါစေဟု ဆုတောင်းရင်းသာ