နွယ်နီလင်း
ယခုနှစ်အတွင်း ပဋိပက္ခကြောင့် မိမိတို့နေအိမ်မှ အတင်းအကျပ်ပြောင်းရွှေ့နေရသည့် ကလေးဦးရေမှာ ယခင်ကထက် ပိုမိုများပြားလာလျက်ရှိသည်။ ကမ္ဘာတစ်ဝန်း ကလေးခြောက်ဦးလျှင် တစ်ဦးနှုန်း (သို့မဟုတ်) ကလေး ၄၇၃ သန်းခန့်မှာ ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအတွင်း နေထိုင်ကြရသည်ဟု ကုလသမဂ္ဂ ကလေးများအေဂျင်စီက ခန့်မှန်းထားသည်။
ဂါဇာ၊ ဆူဒန်အပါအဝင် ကမ္ဘာတစ်ဝန်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ၏ ထုတ်ပြန်ချက်သည် ဒီဇင်ဘာ ၂၈ ရက်တွင် ပေါ်ပေါက်လာခဲ့သည်။
ကလေး ၁၇၄၉၂ ဦးထက် မနည်းသေဆုံး
အထူးသဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် ၁၅ လကြာ ပဋိပက္ခများအတွင်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် ကလေး ၁၇၄၉၂ ဦး ထက်မနည်း သေဆုံးခဲ့ရသည်။ ၂၀၂၄ ခုနှစ်သည် ထိခိုက်ခံစားရသည့် ကလေးများအရေအတွက်နှင့် ၎င်းတို့၏ဘဝအပေါ် သက်ရောက်မှုအဆင့် နှစ်ခုစလုံးမှာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့၏ သမိုင်းကြောင်းတွင် ပဋိပက္ခများဖြစ်ပွားနေသည့် ကလေးများအတွက် အဆိုးရွားဆုံးနှစ်များထဲမှ တစ်ခုဖြစ်သည်ဟု ယူနီဆက်ဖ်၏ အမှုဆောင် ဒါရိုက်တာ ကက်သရင်း ရပ်ဆယ်လ်က ဆိုသည်။
ပဋိပက္ခဇုန်အတွင်း ကြီးပြင်းလာရသည့် ကလေးတစ်ဦးသည် ပဋိပက္ခမရှိသည့် နေရာများတွင်နေထိုင်ရသည့် ကလေးများနှင့် နှိုင်းယှဉ်ပါက ကျောင်းထွက်ရခြင်း၊ အာဟာရချို့တဲ့ခြင်း စသည်တို့ ခံရနိုင်ခြေပိုများသည်ဟု ရပ်ဆယ်လ်က ဆိုသည်။
“ကျွန်ုပ်တို့က ကမ္ဘာ့အဟန့်အတားမဲ့ စစ်ပွဲတွေမှာ ကလေးတွေရဲ့ မျိုးဆက်တွေကိုထိခိုက်ပျက်စီး နစ်နာမှုအတွက် ခွင့်မပြုနိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။
ပဋိပက္ခဖြစ်ပွားရာ ဇုန်အတွင်းနေထိုင်သည့် ကလေးများ၏ ပမာဏသည် ၁၉၉၀ ပြည့်နှစ်က ၁၀ ရာခိုင်နှုန်းခန့် ရှိရာမှ ယခုအခါ ၁၉ ရာခိုင်နှုန်း နီးပါးအထိ နှစ်ဆနီးပါးတိုးလာသည်ဟု ယူနီဆက်ဖ် ကဆိုသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် ကလေး ၄၇ ဒသမ ၂ သန်းမှာ နေရပ်စွန့်ခွာခဲ့ရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ဟေတီ၊ လက်ဘနွန်၊ ပါလက်စတိုင်းနယ်မြေနှင့် ဆူဒန်နိုင်ငံအပါအဝင် ပဋိပက္ခများ အရှိန်မြင့်လာသည့်အတွက် ၂၀၂၄ ခုနှစ်သည် ရွှေ့ပြောင်း နေထိုင်မှုများ ပိုမိုတိုးလာခြင်းဖြစ်သည်ဟု သိရသည်။ ဆက်လက်ပြီး ၂၀၂၃ ခုနှစ် နောက်ဆုံးရ အချက်အလက်များအရ ကလေး ၂၂၅၅၇ ဦးအပေါ် ပြင်းထန်စွာ ချိုးဖောက်မှုပေါင်း ၃၂၉၉၀ ကို ကုလသမဂ္ဂက စိစစ်အတည်ပြုနိုင်ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြီးကြပ်ကွပ်ကဲမှု စတင်ချိန်မှစကာ ယင်းပမာဏမှာ အမြင့်ဆုံးအရေအတွက်ဖြစ်သည်ဟု ယူနီဆက်ဖ်က ဆိုသည်။ ဂါဇာကမ်းမြောင်ဒေသ၌ ကလေးများသေဆုံး မှုနှင့်ဒဏ်ရာရရှိမှုများမှာ နောက်ထပ်လည်း တိုးလာ နိုင်ဖွယ်ရှိသည်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပိုမိုထိခိုက်စေ
ထို့ပြင် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတိုးလာခြင်း၊ ကလေးများ၏ ပညာရေးကို ထိခိုက်ခြင်း၊ ကလေးများ၏ အာဟာရချို့တဲ့မှုနှုန်း တိုးလာခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ပိုမို ထိခိုက်စေသည်ဟု ယူနီဆက်ဖ်က ဆက်လက်ပြော သည်။
မိမိတို့အနေဖြင့် ၂၀၂၅ ခုနှစ်ကို ကြည့်ရှုသည့်အခါ ခေတ်ရေစီးကြောင်းကို ပြောင်းလဲရန်နှင့် ကလေးများ၏ ဘဝကို ကယ်တင်ပြီး ပိုမိုတိုးတက်စေရန် လုပ်ဆောင်ရမည်ဟု ရပ်ဆယ်လ်က ဆက်ပြောသည်။ ဆက်လက်ပြီး ပြီးခဲ့သည့်နှစ်က ဂါဇာ၌ တစ်နှစ်ကျော်အတွင်းဖြစ်ပွားခဲ့သည့် အစ္စရေး - ပါလက် စတိုင်း ပဋိပက္ခအတွင်း အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ကလေးများနှင့် အမျိုးသမီးများစွာ သေဆုံးခဲ့ရသည်။ ဆက်လက် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ကလေးများအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်လာခဲ့သည်ဟု ယူနီဆက်ဖ် ဆက်သွယ်ရေး ကျွမ်းကျင်သူ ရိုဆာလီဘော်လန်းက ပြီးခဲ့သည့် သီတင်းပတ်က မီဒီယာတွေ့ဆုံပွဲတွင် ပြောသည်။
ဂါဇာကမ်းမြောင်ဒေသရှိ ကလေးများသည် အအေးမိခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် စိတ်ဒဏ်ရာ များရကြသည်ဟု ဘော်လန်းက ဒီဇင်ဘာ ၂၇ ရက် တွင် ဆိုသည်။
ဂါဇာရှိ အမျိုးသမီးနှင့် ကလေး ၉၆ ရာခိုင်နှုန်း ခန့်မှာ ၎င်းတို့၏ အခြေခံအာဟာရလိုအပ်ချက်များ မဖြည့်ဆည်း ပေးနိုင်ဘဲ ကမ်းမြောင်ရှိ ကလေးများထံသို့ အကူအညီအထောက်အပံ့များ လက်လှမ်းမမီနိုင်သည့်အတွက် ဝမ်းနည်းမိကြောင်း ၎င်းကဆိုသည်။ ဂါဇာကမ်းမြောင်ဒေသသည် လူသားချင်းစာနာ ထောက်ထားမှုအတွက် ကမ္ဘာပေါ်တွင် ကြေကွဲဖွယ် အကောင်းဆုံး နေရာများထဲမှ တစ်ခုဖြစ်ပြီး ၁၄ လ ကျော်ကြာ ကလေးများသည် ယင်းအိပ်မက်ဆိုးများ၏ အစွန်းစွန်တွင် ရှိနေကြသည်။ ထို့ပြင် ကလေးအမြောက်အမြားမှာ ဆောင်းရာသီဝတ် အနွေးထည် များမရှိဘဲ စားနပ်ရိက္ခာများအတွက်လည်း အမှိုက်များမှတစ်ဆင့် ရှာဖွေဖြေရှင်းနေရပြီး ရောဂါများ ဖြစ်ပွားနေသည်ဟု ဘော်လန်းကဆိုသည်။
ကိုးကား - ALJAZEERA