သထုံ ဒီဇင်ဘာ ၃၀

 

ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်‌နေ့၌ ကျရောက်သည့် ကရင်နှစ်သစ်ကူးပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကရင်အမျိုးသားခန်းမ၌ ယနေ့ နံနက်က မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်အနေဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ နံနက် အရုဏ်တက်ချိန်၌ သံယာတော်များအား ဆွမ်းဆက်ကပ် တရားနာယူကြပြီး တက်ရောက်‌လာကြသည့် တိုင်းရင်းသားများစုပေါင်းကာ ကရင်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြသည်။ ဆက်လက်၍ သထုံမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက် ကရင်တိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် သထုံမြို့နယ်၏ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်မုခ်ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နာယက ဦးစောစံတင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကျေးရွာအလိုက် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ရိုးရာဒုံးယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

 

အဆိုပါ နှစ်သစ်ကူးပွဲတော်ကျင်းပရာသို့ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကရင်၊ ပအိုဝ်း၊ မွန်တိုင်းရင်းသားများ တက်ရောက်အားပေးခဲ့ကြပြီး ပွဲတော်လာရောက်ကြသူတို့အား စတုဒိသာအာဟာရများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

 

သထုံမြို့နယ်တွင် ကရင်တိုင်းသား စုစုပေါင်း ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပခြင်းမှာ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့များကို ဖော်ထုတ်သည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ မြို့နယ်အဆင့် ကျင်းပသည့်အပြင် ကျေးရွာအသီးသီး၌လည်း နှစ်သစ်ကူးပျော်ပွဲရွှင်များကို ကျင်းပကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)