နေပြည်တော် ဒီဇင်ဘာ ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်း ဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ဓနုံးချောင်းကျေးရွာသို့ သွားရောက်ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းပို့ချဆောင်ရွက်ပေးလျက်ရှိသည့် ဒေသထွက်ကုန် ကွမ်းသီးဖတ်မှ တန်ဖိုးမြင့် လူသုံးပစ္စည်းများ ထုတ်လုပ်ရေးသင်တန်းသို့ ကြည့်ရှုအားပေးသည်။
မြောင်းမြမြို့နယ်တွင် ကွမ်းသီးစိုက်ဧက (၁၄၄၆) ဧကရှိပြီး ဓနုံးချောင်းအုပ်စုအတွင်း၌ ၇၅ ဒသမ ၇၀ ဧက စိုက်ပျိုးထားပြီးဖြစ်ရာ ကွမ်းသီးဖတ်သည် စွန့်ပစ်ပစ္စည်းအနေဖြင့်သာ ရှိနေသောကြောင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်အစားထိုး သုံးစွဲနိုင်ရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များမှ ဝင်ငွေရရှိရေးတို့အတွက် သင်တန်းပို့ချပေးခြင်းဖြစ်ပြီး ယင်းလုပ်ငန်းကို ပြည်ပပို့ကုန်အဖြစ် ဆောင်ရွက်နေသော M Treasure ကုမ္ပဏီနှင့် ချိတ်ဆက်၍လည်း လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဓနုံးချောင်းကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ မိမိတို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်၊ မိုးစပါး၊ နွေစပါးနှင့် နေကြာအပါအဝင် ဆီထွက်သီးနှံများကို ပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးကြရန် တိုက်တွန်းမှာကြားပြီး ဓနုံးချောင်းကျေးရွာအဝင်လမ်း ပြုပြင်ဖောက်လုပ်ပေးရေး တင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်


