နေပြည်တော် ဒီဇင်ဘာ ၃၀
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများတွင် တံခွန်စိုက်ဆုဖလား ရယူပေးခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဝန်ကြီးဌာန အားကစားအောင် နိုင်ရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီး ဌာနကိုယ်စားပြု အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ၌ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ အနေဖြင့် တံခွန်စိုက်ဆုဖလား ရယူပေးနိုင်ခဲ့ကြသည့်အတွက် ဝမ်းသာဂုဏ်ယူပီတိ ဖြစ်ရပါကြောင်း၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဝန်ကြီးဌာန စံချိန်သစ်နှင့် မြန်မာပြည် စံချိန်သစ်များ တင်နိုင်ခဲ့သည့်အတွက်လည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အားကစားအောင်မြင်မှုနှင့် နှိုင်းယှဉ်သုံးသပ်နိုင်သည်ကို တွေ့ရပါကြောင်း၊ မိမိတို့၏ကြိုးစားမှုရလဒ်များက ကာကွယ်ရေးဝန်ကြီးဌာန အတွက်၊ တပ်မတော်အတွက် ဂုဏ်မြင့်စေသကဲ့သို ဝန်ကြီးဌာနအဆင့်မှသည် နိုင်ငံတော်က အားကိုး အားထားပြုရသည့် အားကစား သမားကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်” ဆိုသည့် ဆောင်ပုဒ်နင့်အညီ မိမိတို့၏ ကြိုးစားအားထုတ်မှုတိုင်းသည် နိုင်ငံတော်အတွက်ဖြစ်သည်ဆိုသည့်စိတ်ဓာတ်ကို မွေးမြူပြီး ဆက်လက်ကြိုးစားကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရအားကစားအသင်းများကို ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ပြီး အောင်ပွဲရအား ကစားအသင်းများမှ လွှဲပြောင်းပေးအပ်သည့် တံခွန်စိုက်ဆုဖလားကြီးအား လက်ခံရယူသည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုပွဲသို့တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် အောင်ပွဲရအားကစားသမားများကို ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံသည်။
ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများအနေဖြင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားနည်း ၆ မျိုးစလုံးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ ၁၄ ခု၊ ငွေ ၁၀ ခု၊ ကြေး ၁၀ ခု စုစုပေါင်း ဆုတံဆိပ် ၃၄ ခု ဆွတ်ခူးရရှိခဲ့၍ ဝန်ကြီးဌာနပေါင်းစုံ တံခွန်စိုက်ဆုဖလားရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


