ရန်ကုန် ဒီဇင်ဘာ ၃၀
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်၊ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ နာယက ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒန်နီရယ်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်း သားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကရင်စာပေနှင့် ယဥ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် ကရင်တိုင်းရင်းသား၊ တိုင်းရင်သူများ တက်ရောက်ကြသည်။
ဦးစွာ ကရင်အမျိုးသားအလံကို လွှင့်တင်ကာအလေးပြုကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က ဖားစည် (၉) ချက်တီးပြီး ကရင်လူငယ် (၉) ဦးက ကျွဲချိုမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က ကရင်နှစ်သစ်ကူး နှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်း ဆက်စကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး က ကရင်အမျိုးသားနှစ်သစ်ကူးနေ့အကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပဲခူးရိုးမတောင်ပေါ်နေ ကရင်လူမျိုးများ၏ ကရင်ရိုးရာအိုးစည် အက၊ ကွမ်းခြံကုန်းမြို့နယ် ကရင်ရိုးရာဒုံးအက၊ မှော်ဘီမြို့နယ် ကရင်ရိုးရာဝါးညှပ်အက၊ မှော်ဘီမြို့နယ် ကရင်ရိုးရာကြိုးကျစ်အက၊ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်ရှားလဖလုံ (လူပျိုကြီးဒုံး) အကနှင့် မှော်ဘီမြို့နယ် ကရင်ရိုးရာဒုံးအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကြည့်ရူ့အားပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ ကကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၅၀ ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် ကရင် အမျိုးသားနှစ်သစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲများဖြစ်ကြသည့် ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲနှင့် လက်ဝှေ့ပြိုင်ပွဲများကို လှည့်လည်ကြည်ရူ အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
(ဇော်မင်းလတ်-MNA)