ပုသိမ် ဒီဇင်ဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြစိမ်းရောင် တောင်တော်တွင် ကျင်းပပြုလုပ်သည့် (၈၇)နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ကရင်အမျိုးသားအလံအား သယ်ယူရေးအဖွဲ့က သယ်ယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က ဖားစည် (၉) ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ကာ မင်္ဂလာဖားစည်အား အမွှေးနံ့သာြဖင့် ပက်ဖျန်းပေးသည်။
ထို့နောက် ကရင်အမျိုးသားအလံအား လွှင့်တင်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်းနှင့် ကရင်အမျိုးသား အလံအား အလေးပြုခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကရင်အမျိုးသားသီချင်းကိုသီဆို၍ အခမ်းအနားကိုရုပ်သိမ်းကာ ကရင်ဒုံးယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ မြောင်းမြမြို့နယ်၊ ပွဲညှက်စမ်းကျေးရွာမှ ကုန်းသာလမ်းဆုံသို့ ဆက်သွယ်သည့် ဂဝံမြေနီလမ်း ဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် မတည်အလှူရှင် ဦးမျိုးဝင်းအောင်တို့က လမ်းကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ဂဝံလမ်းသစ်ကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် (၈၇) နှစ်မြောက်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကိုကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့က ဂုဏ်ပြုကပြဖျော်ဖြေပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ဖားစည်ကိုးချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ကရင်အမျိုးသား နှစ်သစ်ကူးနေ့သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကိုယ်စား မြောင်းမြမြို့၊ ဇေယျမေဒနီ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂုဏာဘိရတနှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များကိုယ်စား ဘုန်းတော်ကြီး ဟင်နရီ မန်းအိုင်ခလိန်တို့က နှစ်သစ်နှုတ်ခွန်းဆက်စကားများ ပြောကြား၍ ဆုတောင်းမေတ္တာများ ပို့သသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဖတ်ကြားပြီး တိုင်းဒေသကြီးကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကရင်နှစ် သစ်ကူးနေ့အကြောင်း သိကောင်းစရာများနှင့် ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က နိုင်ငံတော်အဆင့် ထူးချွန်ဆုရ ကရင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြပြီး ကရင်အမျိုးသားတေးသီချင်းအား စုပေါင်းဂုဏ်ပြုသီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


