နေပြည်တော် ဒီဇင်ဘာ ၃၀

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းပြေပျော်ရွှင်စေရန်နှင့် ၂၀၂၅ ခုနှစ် နှစ်သစ်ကို သာယာပျော်ရွှင် ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန် ရည်ရွယ်၍ ကျင်းပသည့် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲနှင့် မြန်မာ့ရိုးရာ ဇာတ်သဘင်အဖွဲ့၏ “သဘင်အကနှင့်လှမည့် ည”အစီအစဉ် ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်းအမှတ် ၁ နှင့် ၂ ၌ ကပြဖျော်ဖြေတင်ဆက်ရာ လာရောက် ကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ထိုသို့ တေးဂီတဖျော်ဖြေပွဲနှင့် မြန်မာ့ရိုးရာဇာတ်သဘင် ဖျော်ဖြေပွဲသို့ လာရောက်ပါဝင် ဆင်နွဲကြသူများ လုံခြုံစိတ်ချစွာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်စေရန်အတွက် ကွင်းအတွင်းသို့ ဝင်ရောက်စဉ် တာဝန်ရှိသူများက ဝင်ပေါက်ဂိတ်များတွင် လုံခြုံရေး အရလိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီး ဖျော်ဖြေပွဲဝန်းကျင်နေရာများ၌လည်း လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။

 

ဖျော်ဖြေကွင်းအတွင်း အလှဓာတ်ပုံရိုက်ရန် Photo Booth များတွင် မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ အလှဓာတ်ပုံများ လွတ်လပ်ပေါ့ပါးစွာ ရိုက်ကြပြီး အချို့မှာ အပျော်တမ်း ဂိမ်းကစားနေကြသူများ၊ ချားရဟတ်စီးနေကြသူများနှင့် ကလေးကစားကွင်းတွင် ကလေးများ ပျော်ရွှင်စွာ ပြေးလွှားခုန်ပေါက်ကစားနေကြသည်ကိုလည်း မြင်တွေ့ရသည်။

 

mdn

 

ထို့ပြင် လာရောက်လည်ပတ်ကြသူများ စာရေးသောက်ရေး အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ အပါအဝင် ဆိုင်ခန်းပေါင်း ၅၀ ကျော် ဖွင့်လှစ်ပြီး ဒေသထွက်ကုန်များ၊ အစားအစာများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ စိတ်ဝင်တစား အားပေးဝယ်ယူ စားသောက်ကြသူများဖြင့် စည်ကားလျက်ရှိပြီး ပျော်ရွှင်မှုများနှင့်အတူ သန့်ရှင်းစွာ စည်းကမ်း ရှိသည့် ပွဲတော်ဖြစ်စေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများအပြင် Mobile Toilet များထားရှိသည်ကိုလည်း တွေ့ရသည်။

 

ဦးစွာ တေးဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်တေးသံရှင်များက Music Band များဖြင့် တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြရာ ပရိတ်သတ်များအားပါးတရ လိုက်ပါသီဆို၍ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ထို့နောက် ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းအဖွဲ့၏ “သဘင်အကနှင့် လှမည့် ည” ကို ကပြဖျော်ဖြေအပြီးတွင် ထိုင်းနိုင်ငံမှ Copy Show အဖွဲ့က “The Gang Of Popular Copy Show” ဖြင့် သီဆိုဖျော်ဖြေကြရာ သဘင်ချစ်ပရိတ်သတ်များနှင့် ဂီတကိုချစ်မြတ်နိုးကြသည့် ဂီတချစ် ပရိတ်သတ်များ ကြိတ်ကြိတ်တိုး ကြည့်ရှုအားပေးကြသည်။

 

ထို့ပြင် ဒီဇင်ဘာ ၃၁ ရက်တွင် Coundtdown ရေတွက်မည့် အစီအစဉ်အပါအဝင် ဂီတဖျော်ဖြေရေး အစီအစဉ်များကို ညနေ ၅ နာရီမှ စတင်၍ ည ၁ နာရီအထိ သီဆိုက ပြဖျော်ဖြေတင်ဆက် သွားကြမည်ဖြစ်ပြီး ဝင်ကြေးကို အခမဲ့သတ်မှတ်ထားကာ ပွဲတော်သို့ လာရောက်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ခရီးစဉ်သုံးခု သတ်မှတ်၍ မော်တော်ယာဉ်ကိုးစီးဖြင့် အခမဲ့အသွားအပြန် ပို့ဆောင်ပေးသွားမည်ဖြစ်သဖြင့် မည်သူမဆို လာရောက်လည်ပတ်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

သတင်း- လုလင်ပျို/ ဓာတ်ပုံ - ဖိုးပြည့်စုံ