ဒေါက်တာမြတ်မိုး

 

နှစ်ဟောင်းတစ်ခုကုန် နှစ်သစ်တစ်ခုရောက် ငါတို့ဘာတွေလုပ်လို့ ဘာတွေပြီးခဲ့ကြပြီလဲ၊ ဘာတွေမှန်လို့ ဘာတွေလွဲခဲ့ကြပါသလဲ၊ သေချာတာတော့ ဒီနှစ်က အကြောင်းတွေက နောက်နှစ်အတွက်တော့ အကျိုးတရားတွေဖြစ်မယ်သာ။ ဗုဒ္ဓတရားတော်အရတော့ ပရမတ်လယ်ဗယ်အထိ ဆင်ခြင်နှလုံးသွင်းရပါတယ်။ စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ ရုပ်တရား၊ နာမ်တရားတွေက တစ်ခုဖြစ်ပြီးတစ်ခုချုပ်၊ ဖြစ်ရာအကြောင်းနဲ့ ချုပ်ရာအကြောင်း၊ အတိတ်ကာလတစ်ခုမှာ အတိတ်ဆိုတာ ပြီးခဲ့တဲ့ စက္ကန့်၊ မိနစ်၊ နာရီ ၊ နေ့ရက်၊ လတွေ၊ နှစ်တွေကနေ၊ ပြီးခဲ့ တဲ့ဘဝကနေ ယူဆောင်လာခဲ့တာတွေ၊ အတိတ်က အကြောင်းတရားတွေက ယခု ပစ္စုပ္ပန်မှာ အကျိုး တရားတွေဖြစ်နေသလို ယခုပစ္စုပ္ပန်အကြောင်းတရားတွေကလည်း အနာဂတ်အကျိုးတရားတွေ ဖြစ်မှာမလွဲပါ။

 

ဦးစွာ မိမိစိတ်မိမိနိုင်ဖို့ရာ

ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ရင် ကောင်းတာထက် လွဲတာတွေ ပိုများနေသလားလို့ပါ။ ဘာနဲ့တိုင်းတာဖြစ်လို့ပါလဲ၊ အားမရတာတွေများမယ်၊ စိတ်ဓာတ်ကျတာတွေများမယ်၊ မတည် ငြိမ်မှုတွေ၊ ပူလောင်မှုတွေ သောကတွေနဲ့၊ ကံမကောင်းပါလားလို့ တွေးချင်တွေးမိမယ်။ ကိုယ့်ကိုယ်ကိုယ်မညာတမ်း၊ လူဆိုတာအပြုဘက်ထက် အပျက်အတွေးများတတ်တဲ့ သဘောအမှန်ပါ။ ဒီလိုစိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေကို မိမိရဲ့စိတ်အရည်အသွေးဆိုင်ရာပေတံနဲ့ပဲ တိုင်းတာကြည့် နိုင်ပါတယ်။

 

ခြုံပြီးကြည့်ရင် အတက်ထက် အကျဘက်၊ တိုးတက်မှုထက် ဆုတ်ယုတ်မှုဆီ ပိုရောက်နေကြောင်း သတိပြုမိကြလိမ့်မယ်။ တိုးတက်မှုဆိုတာမှာ မြင်သာတဲ့ရုပ်ပစ္စည်းပိုင်း တိုးတက်မှုကိုသာ ဆိုလိုခြင်းဖြစ်ပြီး ဆုတ်ယုတ်မှုဆိုရာမှာ စိတ်ပိုင်း ဆိုင်ရာ ဆုတ်ယုတ်လာမှုကို ဆိုလိုခြင်းဖြစ်ပါတယ်။ လူ့အသက်တွေ၊ လူ့ဘဝတွေ တန်ဖိုးမထားကြတော့တဲ့အထိ အနိမ့်ဆုံးထိုးဆင်းသွားတဲ့စိတ်ဓာတ်တွေ၊ ပျက်စီးသွားတဲ့စိတ်ထားတွေ၊ ပြောင်းလဲသွားတဲ့ အတွေးအမြင်တွေ၊ မူမမှန်တဲ့ ယုံကြည်ချက် ခံယူချက်တွေကြောင့် ဖြစ်ပါတယ်။

 

ကမ္ဘာနဲ့ယှဉ်ပြီးကြည့်ရင် ပိုမြင်သာပါတယ်။ လောဘမီး၊ ဒေါသမီး၊ မောဟမီးကြောင့်ဖြစ်တဲ့ ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေက ပိုများနေတယ်၊ ကမ္ဘာ့နေရာအနှံ့၊ စနစ်မရွေး၊ ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ အင်အားကြီး၊ ငယ်မရွေး ဆင်းရဲ သူကဆင်းရဲလို့ ချမ်းသာချင်တယ်၊ ချမ်းသာသူက ပိုတိုးပြီးတိုးပြီး ချမ်းသာချင်နေတယ်။ သူများ နယ်မြေနယ်ချဲ့လိုသူက ကိုယ့်မှာရှိတဲ့နယ်မြေနဲ့ မတင်းတိမ် နယ်မြေပိုရချင်တယ်၊ အာဏာမရှိသူက လည်း အာဏာပိုလိုချင်တယ်၊ အာဏာရှိပြီးသူကလည်း ပိုရှိချင်တယ်၊ ရောက်တဲ့နေရာကနေ ပြုတ်ကျ မှာစိုးရိမ်လို့ ရံကြတယ်၊ ကာကြတယ်၊ တားကြ၊ ဆီးကြတယ်၊ အင်အားမရှိသူကလည်း မရှိလို့ရချင်၊ ရပြီးသူကလည်း ပိုရှိချင်ကြတယ်၊၊ အင်အား တောင့်အောင် နယ်ချဲ့လာကြတယ်၊ ဟီရိသြတ္တပ္ပမရှိ၊ ကိုယ့်အတ္တသာ ပထမဦးစားပေး လွန်ကဲမှုကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသူတွေလည်း မနေသာတော့၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ပြင်ကြရတော့တယ်၊ ပဋိပက္ခမီးတောက်တွေက နေရာအနှံ့၊ မတည်ငြိမ်မအေးချမ်း၊ မငြိမ်းချမ်းတော့ပျက်စီး၊ အတိတ်ကိုပြန်ကြည့် ဆင်ခြင်မိတဲ့အခါ၊ အကြောင်း တရားတွေက အားနည်းနေပြီး အားမရှိတဲ့အခါ အနာဂတ်အကျိုးလည်း ကောင်းနိုင်ပါ့မလား။

 

နှစ်ဟောင်းကအကြောင်းတရားတွေက နှစ်သစ်ကို အကျိုးတရားတွေဖြစ်စေပြီဆိုတော့ ကျွန်တော်တို့ အားလုံးမှာ သို့သော် အချိန်မီပါသေးတယ်၊ လုံးဝ နောက်မကျသေးပါ။ နှစ်ဟောင်း၊ နှစ်သစ် အကူးအပြောင်းမှာ အကောင်းတွေနဲ့သာ စတင်ကြစို့ရဲ့၊ အကောင်းတွေနဲ့စခြင်းဆိုတာ တတ်နိုင်သမျှ အကောင်းတွေလုပ်မိ၊ ပြောမိ၊ တွေးမိအောင် သတိထားနေထိုင်ကြဖို့ပါ။ အကောင်းတွေနဲ့စဆိုတော့ မိမိကိုယ်တိုင်ကပဲစရမှာ၊ မိမိအတွင်း အဇ္ဈတ္တမှာ မိမိစိတ်မိမိနိုင်ဖို့က ပိုအရေးကြီးပါတယ်၊ မိမိရဲ့ ရုပ်၊ နာမ်ခန္ဓာနဲ့ မိမိရဲ့ပတ်ဝန်းကျင်က အညမည သဟဇာတဖြစ်နေတဲ့အတွက် ကိုယ့်ဘက်က ဦးစွာငြိမ်းချမ်းအောင်နေနိုင်မှ ပတ်ဝန်းကျင်ဟာလည်း ငြိမ်းချမ်းသာယာမှာဖြစ်ပါတယ်လို့ ဆိုလိုတဲ့သဘော။ World Meditation Day မှသည် ငြိမ်းချမ်းမှုဆီသို့၊ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ “World Meditation Day” “ ကမ္ဘာ့သမထဘာဝနာနေ့ ” ၊ “စိတ်ကိုငြိမ်းအေးစေသော တရားအားထုတ်ခြင်းကမ္ဘာလုံးဆိုင်ရာနေ့” နေ့ထူးနေ့မြတ်မှာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင် ဒရာမိုဒီက မိမိတို့ဘဝမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများဖြစ်ထွန်းဖို့ တရားရှုမှတ် အားထုတ်ခြင်းကို သက်ဝင်ယုံကြည်အားထုတ်ကြဖို့ အများနဲ့ကမ္ဘာကြီးကို တိုက်တွန်းနှိုးဆော်ခဲ့ခြင်းဖြစ် ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်က တရားရှုမှတ်အားထုတ်ခြင်းကို တစ်ဦးချင်းစီရဲ့ဘဝများငြိမ်းချမ်းရေးမှသည် လူ့အဖွဲ့အစည်းကြီး တိုးတက်ဖြစ်ထွန်း အောင်မြင်ရေး၊ ဒီကမ္ဘာမြေကြီး ငြိမ်းချမ်းသာယာ ဝပြောစေတဲ့အထိ စွမ်းအားကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တစ်ခုအဖြစ် ညွှန်းဆိုခဲ့ပါတယ်။ ၎င်းကဆက်လက်ပြီး တရားအားထုတ်ခြင်း နည်းနာတွေကို ဗီဒီယိုလမ်းညွှန်ချက်တွေကတစ်ဆင့် လေ့လာကျင့်ကြံနိုင်ပါကြောင်းလည်း အကြံဉာဏ်ပေးခဲ့ပါတယ်။ အိန္ဒိယဂုရုကြီး တစ်ဦးဖြစ်တဲ့ ရာဗီရှန်ကာကတော့ သမထရှုမှတ်ခြင်းဟာ စိတ်ကျန်းမာရေးကို ကျေးဇူးပြုပြီး မိမိတို့ရဲ့ စိတ်စွမ်းအားကို မြင့်မားစေပါကြောင်းနဲ့ လူ့အဖွဲ့ အစည်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အခြေခံစိတ်ကျန်းမာရေးကို မြှင့်တင်ကြဖို့ နှိုးဆော်တိုက်တွန်းသွားခဲ့ပါတယ်။ သမထဘာဝနာက စိတ်ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲဆိုရင် တရားရှူမှတ်ခိုက်မှာ မကောင်းတဲ့ကာမအာရုံတွေနဲ့ ကင်းကွာနေတယ်၊ အကုသိုလ်စိတ်တွေမဖြစ်၊ ကာယ၊ စိတ္တနှစ်ဖြာသော သုခနဲ့ပြည့်ဝနေပြီး စိတ်တွေ စင်ကြယ်နေတဲ့သဘောဖြစ်လို့ပါပဲ။ တစ်နည်းအားဖြင့် မဂ္ဂင်ရှစ်ပါးထဲက သမ္မာသမာဓိဖြစ်နေလို့ပါပဲ။

 

မှန်ပါတယ်။ စိတ်ကျမ်းမာရေးအတွက် သမထ စွမ်းအားနဲ့ စိတ်စွမ်းအားကို ပြုစုပျိုးထောင်ခြင်းမှသည် ထေရဝါဒဗုဒ္ဓဘာသာဝင်တွေအဖို့မှာတော့ မိမိတို့ခန္ဓာ ရုပ်၊ နာမ်တရားတွေကို ဆင်ခြင်ပြီး မကောင်းတဲ့ ကိလေသာတို့ချုပ်ငြိမ်းရာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်တဲ့အထိ၊ အိုခြင်း၊ နာခြင်း သေခြင်းမရှိတော့တဲ့အထိ၊ ရုပ်၊ နာမ်ပရမတ်အားလုံး ချုပ်ငြိမ်းတဲ့အထိ ကျင့်ကြံအားထုတ်ရာ ဝိပဿနာ ကျင့်စဉ်တွေ ဉာဏ်စဉ်တွေအပြင် လေ့လာသင်ကြား နာယူမှုတွေလည်း အတော်အတန်ရှိကြပြီးဖြစ်ပါတယ်။ ဆိုလိုတာက တစ်ဖက်မှာ ခက်ထန်ကြမ်းတမ်းပြီး မကောင်းတဲ့အနိဋ္ဌာရုံတွေ ထူပြောနေ စဉ်မှာ တစ်ဖက်မှာလည်း ထိုအနိဋ္ဌာရုံတွေလျော့ပါးပြီး ကင်းစင်ပပျောက်နိုင်မယ့်၊ အကုသိုလ်မှသည် ကုသိုလ်အဖြစ် ပြောင်းလဲပေးနိုင်မယ့်၊ ဒီကတစ်ဆင့် မိမိနဲ့ပတ်ဝန်းကျင်ကိုသာယာလှပစေမယ့် သမထဝိပဿနာကျင့်စဉ်တွေ အဆင်သင့်ရှိပြီး ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အလေ့အကျင့်မလုပ်ခင်မှာ တရားစာပေတွေကို ဦးစွာ နာယူပူဇော်လေ့လာခြင်း အားဖြင့်လည်း အသိနဲ့အကျင့်ကို ကောင်းစွာ ပေါင်းစပ်ပေးနိုင်မှာဖြစ်ပါတယ်။

 

ပတ်ဝန်းကျင်ကို ငြိမ်းချမ်းစေလိုရင် မိမိသန္တာန် မိမိဦးစွာငြိမ်းချမ်းနေမှဖြစ်မှာပါ။ မိမိကိုယ်တိုင် အပူတွေနဲ့ ငြိမ်းချမ်းမနေဘဲ အများကိုငြိမ်းချမ်း အောင် ဘယ်လိုမှလုပ်လို့မရပါဘူး။ လုပ်လည်း မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုရင် လိုချင်တာတွေများပြီး လိုချင်လွန်းတဲ့လောဘတွေ၊ လိုချင်တာမရ တော့ ဖြစ်လာရတဲ့ သောက ပရိဒေဝ ဒုက္ခဒေါမနဿနဲ့ အတွင်းမှာလောင်မြိုက်နေတဲ့ ဒေါသတရားတွေ၊ လောဘကို လောဘဖြစ်မှန်း ဒေါသကိုဒေါသဖြစ်မှန်း မသိမှု မောဟတရားတွေ၊ ထိုလောဘ၊ ဒေါသ၊ မောဟ မူလအကုသိုလ်တရားဆိုးများ အခြယ်လှယ်ခံ နေရသရွေ့ ဘယ်လိုမှငြိမ်းချမ်းနိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့်ပါပဲ။

 

အကြောင်းရင်းကိုရှာ အကျင့်မှန်ဖြင့် ပယ်နိုင်ရမှာ

ဒါကြောင့်လည်း ကုသိုလ်ကိုကုသိုလ်မှန်း အကုသိုလ်ကိုအကုသိုလ်မှန်း သိနေဖို့လိုကြောင်း ကျေးဇူးရှင် မြတ်စွာဘုရားက ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။ ထို့အပြင် နိဒါန်းပိုင်းမှာတင်ပြခဲ့တဲ့ အကြောင်းနဲ့အကျိုး၊ အကြောင်းတရားတွေ ပေါင်းစုံညီညွတ်မှဖြစ်လာတဲ့ အကျိုးတရားတွေ ဆိုတာ အကြောင်းနဲ့အကျိုးဆက်စပ်မှုကို ပြသ နေပါတယ်။ ယနေ့အဖြစ်အပျက်တွေ ကြုံရတဲ့အရာ တွေဟာ အတိတ်ကကိုယ်လုပ်ခဲ့လို့ ရလာတာတွေပဲ ဖြစ်တယ်။ အကြောင်းတွေရှိခဲ့လို့ အကျိုးတွေရလာတာဖြစ်တယ်။ အကြောင်းကင်းတဲ့အကျိုး တရားဆိုတာလည်းမရှိပါ၊ ထိုတရားဟာ ကိန်းသေမြဲတဲ့အမှန်တရားဖြစ်ပါတယ်။ ဒါကြောင့်လည်း သစ္စာ အမည်တပ်ပြီး သစ္စာလေးပါးအမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။

 

မသိကြလို့သာပါ အားလုံးဟာ ဒုက္ခချည်း ပါပဲတဲ့၊ ရခဲလှတဲ့လူ့ဘဝဆိုပေမယ့် လူ့ဘဝကို လိုချင်လို့ တောင့်တခဲ့မှုကြောင့် မိခင်ဝမ်းတွင်းမှာ ပဋိသန္ဓေဆင်းရဲနဲ့ စခဲ့ရတဲ့လူ့ဘဝ၊ နောက်တော့ အိုရနာရ မရဏဒုက္ခ။ ဒါကြောင့် ဆရာတော်ဘုရားကြီးတွေက အမြဲဟောခဲ့တာဖြစ်ပါတယ်။ လူတွေက လက်ရှိမြင်ရ၊ တွေ့ရတဲ့ အကျိုးတရားကိုသာကြည့်ပြီး ဆုံးဖြတ်နေကြတယ်။ အမှန်က အကျိုးကိုဖြစ်စေတဲ့ အကြောင်းတရားကိုသာ မြင်အောင်ကြည့်ပြီး အကြောင်းကို ပယ်သတ်ရမှာဖြစ်ကြောင်း ဟောကြားချက်တွေက အမှန်တကယ် မှတ်သား ထိုက်တဲ့ တရားစစ်တရားမှန်များဖြစ်ကြောင်း ဆင်ခြင်ကြည့်ရမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ကျွန်တော်တို့ဟာ လက်ရှိကြုံတွေ့ နေရတဲ့ သုခချမ်းသာနဲ့ ဒုက္ခဆင်းရဲတွေရဲ့ အကြောင်းရင်းကဘာလဲ မြင်အောင်ကြည့်သင့်ပါတယ်။ သစ္စာလေးပါးတရားတော်မှာ ဒုက္ခသစ္စာရဲ့အကြောင်းက သမုဒယသစ္စာ ဖြစ်ကြောင်း နာယူခဲ့ကြဖူးမှာပါ။ ဘာကို ဘယ်လို ပယ်သတ်ကြရမလဲ၊ ဒုက္ခရဲ့အကြောင်းရင်းဖြစ်တဲ့ လောဘဆိုတဲ့ သမုဒယကို ဦးစွာ ပယ်သတ်ရမှာဖြစ်ပါတယ်။ ဒီအတွက် အယူမှန်၊အသိ မှန်ဖို့လိုပါတယ်။ အမှန်မြင်မှ အမှန်ကြံတွေးနိုင်မှာပါ၊ အတွေးမှန်မှ မုသားမပါ လုပ်ကြံမပြော၊ ကုန်းမတိုက် မကြမ်းတမ်း အပြောလည်း မှန်မှာဖြစ်ပါတယ်၊ ဒုစရိုက်မှန်သမျှရှောင်ပြီး အလုပ်လည်းမှန် မှန်မှန်ကန်ကန် အသက်မွေးမှုဖြစ်ရပါမယ်။

 

အလုပ်မှန်ဖို့ဆိုရာမှာ ဝီရိယထား အလုပ်လုပ်မှလည်း အောင်မြင်ပါမယ်။ တရားတော်လာ “ဝီရိယ” ဆိုတဲ့ သဘောမှာ မဖြစ်သေးတဲ့အကုသိုလ်တွေ မဖြစ်အောင်၊ ဖြစ်ပြီးအကုသိုလ်တွေပယ်နိုင်အောင်၊ မရသေးတဲ့ ကုသိုလ်တွေရရှိအောင်၊ ရပြီးသား ကုသိုလ်မြဲနေအောင် ကြိုးစားနေရမှာဖြစ်ပါတယ်။ ဒါမှလည်း မှန်ကန်တဲ့ ဝီရိယဖြစ်ပါမယ်။ ဒီလို ကြိုးစားအားထုတ်နိုင်အောင်က အစဉ်မမေ့မလျာ့ တတ်တဲ့ သတိကပ်နေမှ ဖြစ်မှာပါ။ သတိမြဲအောင် ကတော့ သမာဓိဆိုတဲ့စိတ်ကို အာရုံတစ်ခုတည်းမှာ တည်ကြည်မြဲမြံနေအောင် လေ့ကျင့်ခြင်းနဲ့ ရယူနိုင် ပါတယ်။ ဘာလုပ်လုပ် သတိရှိနေမှသာ အကုသိုလ် ကို အကုသိုလ်ဖြစ်မှန်း၊ ကုသိုလ်ကို ကုသိုလ်ဖြစ်မှန်း သိနေမှာဖြစ်ပါတယ်။

 

တင်ပြခဲ့သလို မရှိလို့လိုချင် ရတော့လည်းပူပင်၊ ခဏချမ်းသာကို အဟုတ်ထင်၊ မြဲတယ်ထင်ပြီး အမှန်ကိုအမှား အမှားကိုအမှန်၊ ထင်တိုင်းကြဲနေ ကြတာ၊ ဒီလိုလေးတွေ နည်းနည်းလောက်သိရရင်ပဲ အတော်ဟုတ်နေပါပြီ။ အရာရာမှာ တရားဖက်ပြီး နှလုံးသွင်းနိုင်ရင် ရမ္မက်လည်းပြေ အမျက်လည်းပြေလို့ သင့်တင့်မျှတတဲ့ လောကကြီးဖြစ်မှာမလွဲပါ။ အရာရာဟာဖြစ်ပြီးပျက်တတ်တဲ့သဘော ဘာမှမမြဲပါလား၊ ဖြစ်ချင်သလိုလည်းမဖြစ်၊ မဖြစ်ချင်တာဖြစ် ဘာမှလည်းအစိုးမရပါလား၊ အလေ့အကျင့် လေးလုပ်၊ သတိလေးထားတတ်လာတဲ့အခါ မိုးချုပ်သွားလည်းခဏပါ တစ်ဖန်မိုးလင်းကြုံမှာပဲ၊ အမှောင်ပြီးရင် အလင်းလာမှာပဲလို့ ဆင်ခြင်လိုက်ရင် အခက်အခဲတွေ စိန်ခေါ်မှုတွေဆိုတာက ခေါင်းအေးအေးထား အပြုသဘောချဉ်းကပ်ပြီး အကောင်းဆုံး ဖြေရှင်းသွားနိုင်ကြောင်း တွေ့ရပါလိမ့်မယ်။ အခုလို နှလုံးသွင်းမှန်ခြင်းကပင် ကုသိုလ် တရားဖြစ်နေပါတော့တယ်။

 

ဒါကြောင့် အားကိုးရာဓမ္မကသာ မိတ်ဆွေ အစစ်အမှန် ဖြစ်ပါတယ်၊၊ ဒီကုသိုလ်တရားကသာ မိမိကော မိမိပတ်ဝန်းကျင်ကိုပါ ဘေးရန်အပေါင်းကနေ အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် အခုလိုကာလ အခုလိုအခြေအနေမျိုးမှာ ပိုပြီးဂရုစိုက်အားထည့်ကြရမှာ။ စိတ်ချမ်းသာစရာအကြောင်းတွေပြုမူမှလည်း စိတ်ချမ်းသာစရာတွေ ဖြစ်လာမယ်။ ပဋိပက္ခတွေချည်း ဖန်တီးနေရင်လည်း ဆိုးကျိုးတွေသာဖြစ်လာမှာ။ ဒီလို အခြေအနေတွေ အောက်မှာ အတ္တ၊ ပရမျှတစွာနဲ့ တရားအကာအကွယ်သာရယူပြီး လောကကို အကောင်းဆုံးအကျိုးပြုနိုင်အောင် ကြိုးစားကြည့်ကြပါစို့လား။ ။