ပွင့်ဖြူ ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျတ်ခွင်ပြုရန်ပုံငွေဖြင့် ဆည်မုန်းကျေးရွာ၌ ဒေသခံကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။  

အဆိုပါ ဆည်မုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည်ပေ ၁ မိုင် ၊ ၂ ဒသမ ၃ ဖာလုံရှိပြီး လမ်းအကျယ် ၁၂ ပေ ၊ လမ်းအမြင့်ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ်ခင်းခြင်း ၊ အရှည် ၆ ပေ ၊ အကျယ် ၁၈ ပေ ၊ အမြင့် ၆ ပေရှိ Slab Culvert တစ်စင်းနှင့် အရှည်ပေ ၂၀ Pipe Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် ၁၁၉ ဒသမ ၁၆၈ သန်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။  

ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပြီဖြစ်၍ ကျေးရွာ ၅ ရွာမှ အိမ်ခြေ ၁၁၁၃ အိမ် ၊ လူဦးရေ ၄၂၈၉ ဦး၏ စိုက်ပျိုးလယ်မြေဧက (၉၀) အတွက် ရာသီမရွေး အဆင်ပြေစွာ  သီးနှံစိုက်ပျိုးနိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော သီးနှံများကိုလည်း ဈေးကွက်သို့ လွယ်လင့်တကူ သယ်ယူ ပို့ဆောင်နိုင်မည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)