ယနေ့သည် ၂၀၂၄ ခုနှစ်ဟုဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၂၀၂၅  ခုနှစ်ဟုဆိုအပ်သော  ကမ္ဘာ့နှစ်သစ်သို့   စတင်ရောက်ရှိသည့် မင်္ဂလာရှိသော နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ယခုလို မင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံသော   ကမ္ဘာ့နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ မြန်မာနိုင်ငံသူ   နိုင်ငံသားများနှင့်    ကမ္ဘာသူ   ကမ္ဘာသားအားလုံး ကျရောက်ဆဲ, ကျရောက်လတ္တံ့ဖြစ်သော ဘေးဥပါဒ်အန္တရာယ် ရန်စွယ် အပေါင်းမကောင်းဟူသမျှ    ပြစ်ဒေါသတို့မှ   ကင်းစင်ပကြလျက် မိမိတို့ အလိုရှိအပ်  တောင့်တအပ်သော   အတတ်ပညာ,   စည်းစိမ် ချမ်းသာ,  ကျော်စောသတင်း,  မိတ်ကောင်းဆွေကောင်းများရရှိနိုင်စေရန် -

 

“ပညာရှိထံ၊ ရိုကျိုးနွံ၍၊ နည်းခံသင်မှ၊ ပညာရ၏၊ ထကြွဝီရိယ၊ ဥဋ္ဌာနဖြင့်၊ လုံ့လရှိမှ၊ ဥစ္စာရ၏၊ မခွဲနှုတ်လျှာ၊ မှန်ကန်စွာလျှင်၊ သစ္စာတည်မှ၊ ကျော်စောရ၏၊ ကိုယ်က ဥစ္စာ၊ စွန့်လွှတ်ကာလျှင်၊  မေတ္တာ ရှေး၍၊ ပေးကမ်းတတ်မှ၊ မိတ်ဆွေရ၏” - ဟူသော

 

မဃဒေဝလင်္ကာသစ်၌ ဘုရားဟောပါဠိတော်နှင့်အညီ မိန့်ဆိုထားသည့်အတိုင်း   ပညာရှိထံနည်းနာ ခံပြီး   အတတ်ပညာကိုသင်ယူရန်၊ စည်းစိမ်ချမ်းသာဥစ္စာများရရှိစေနိုင်ရန် ထကြွလုံ့လဝီရိယနှင့် ကြိုးစားလုပ်ဆောင်ရန်၊   ကောင်းသတင်းနှင့်  ပြည့်စုံရေးအတွက် စကားကို မှန်ကန်စွာပြောဆို၍  သစ္စာတည်ရန်၊ မိတ်ကောင်းဆွေကောင်းများရရှိစေနိုင်ရန်  သူတစ်ပါးအပေါ် မေတ္တာထား၍   ပေးကမ်းစွန့်ကြဲရန် လိုအပ်ကြောင်းသိရှိပြီး မိမိတို့ဘဝ၌ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေနိုင်ရေး အတွက် ဤကမ္ဘာ့နှစ်သစ်  မင်္ဂလာအချိန်အခါမှစ၍ ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လျက် မြန်မာနိုင်ငံနှင့်  ကမ္ဘာသူ ကမ္ဘာသားအားလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒ ပြည့်ဝကြပါစေကြောင်း ဆုတောင်းပတ္ထနာပြုအပ်ပါသတည်း။      ။