ယနေ့ဟာ တစ်ကမ္ဘာလုံးအများသုံးဖြစ်သည့် ခရစ်နှစ် ၂၀၂၅ ခုနှစ်၏ နှစ်သစ်မင်္ဂလာအခါသမယနေ့ဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ် နှစ်သစ် မင်္ဂလာ အခါသမယနေ့မှစ၍ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူများ အပါအဝင် ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာ ဘေးရန် ကွာ၍ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နှစ်သစ်ဖြစ်ပါစေ။

 

ဗုဒ္ဓေါလောကေသမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ၊ ဧတေနသစ္စ ဝဇ္ဇေန သောတ္ထိတေ ဟောတု သဗ္ဗဒါ -

 

လောကတွင် အမြတ်ဆုံးဖြစ်သော ဘုရားမြတ်ရတနာသည် အားလုံးသော သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှာ လောကတွင် ပွင့်ထွန်းပေါ်ပေါက်တော်မူလာပါပေ၏။ ဤစကားသည် မှန်ကန်ပါ၏၊ ဤမှန်ကန်သောသစ္စာစကားကြောင့် ကမ္ဘာသူ ကမ္ဘာသား၊ မြန်မာ နိုင်ငံသူ မြန်မာနိုင်ငံသားများအားလုံး မေတ္တာပွား၍ သတ္ထန္တရကပ် ဘေးမှ အခက်အခဲမရှိ အမြန်ဆုံး လွတ်မြောက်ကြပါစေကုန်သတည်း။

 

ဓမ္မောလောကေသမုပ္ပန္နော သုခါယ သဗ္ဗပါဏိနံ၊ ဧတေနသစ္စ ဝဇ္ဇေန သောတ္ထိတေ ဟောတု သဗ္ဗဒါ -

 

လောကတွင် အမြတ်ဆုံးဖြစ်သော တရားတော်မြတ်ရတနာသည် အားလုံးသော သတ္တဝါတို့၏ သုခချမ်းသာအလို့ငှာ လောကတွင် ပွင့်ထွန်းပေါ်ပေါက်တော်မူလာပါပေ၏။ ဤစကားသည် မှန်ကန်ပါ၏၊ ဤမှန်ကန်သောသစ္စာစကားကြောင့် ကမ္ဘာသူ ကမ္ဘာသား၊ မြန်မာနိုင်ငံ သူ မြန်မာနိုင်ငံသားများအားလုံး အလောဘတည်းဟူသော တရားကို ပွား၍ ဒုဗ္ဘိက္ခန္တရကပ်ဘေးမှ အခက်အခဲမရှိ အမြန်ဆုံးလွတ်မြောက် ကြပါစေကုန်သတည်း။

 

သံဃောလောကေသမုပ္ပန္နော အနုတ္တရံပုညက္ခေတ္တံ၊ ဧတေနသစ္စ ဝဇ္ဇေန သောတ္ထိတေ ဟောတု သဗ္ဗဒါ-

 

လောကတွင် အမြတ်ဆုံးဖြစ်သော သံဃာတော်မြတ်ရတနာသည် အားလုံးသော သတ္တဝါတို့၏ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေအဖြစ် လောကတွင် ပွင့်ထွန်းပေါ်ပေါက်တော်မူလာပါပေ၏။ ဤစကားသည် မှန်ကန်ပါ၏၊ ဤမှန်ကန်သောသစ္စာစကားကြောင့် ကမ္ဘာသူ ကမ္ဘာ သား၊ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအားလုံး အမောဟတည်း ဟူသော တရားကိုပွား၍ ရောဂန္တရကပ်ဘေးမှ အခက်အခဲမရှိ အမြန်ဆုံးလွတ်မြောက်ကြပါစေကုန်သတည်း။

 

ဧတေန သစ္စဝဇ္ဇေန - ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့် ကမ္ဘာသူ ကမ္ဘာသား၊ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တစ်နေ့တခြား ဒီရေအလားကဲ့သို့ တိုးတက်ကြီးပွား ငြိမ်းချမ်း သာယာကြပါစေကုန်သတည်းဟူ၍ နှစ်သစ်မင်္ဂလာဆုတောင်းပတ္ထနာ ပြုလိုက်ပါသည်။