မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကမ္ဘာလောကကြီးကို တစ်နေ့သုံးကြိမ် ကြည့်တော်မူတယ်။ ဘာကြောင့်ကြည့် သလဲဆိုရင် မြတ်စွာဘုရား၏ ကျင့်စဉ်ကြီးသုံးရပ်ထဲမှာ ဗုဒ္ဓတ္ထစရိယ- ဘုရား ဖြစ်အောင်ကျင့်ခြင်း၊ ဉာတတ္ထစရိယ - မိမိရဲ့ မိဘက်ဖဘက်၊ နှစ်ဖက်က ဆွေမျိုးတွေချမ်းသာအောင် ကျင့်ခြင်း၊ ဆွေမတော် မျိုးမတော်သော ပုဂ္ဂိုလ်တွေ ဘဝသံသရာ တစ်လျှောက်လုံးမှာတော့ တော်ခဲ့ဖူးကြမှာပါ။ လောကတ္ထစရိယ - တစ်လောကလုံးရဲ့ အကျိုးစီးပွားအတွက် ကျင့်တော် မူခြင်းဆိုတဲ့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ရည်ရွယ်ချက်ကြီး သုံးပါးပေါ့။ ယနေ့ဆိုရင် ‘စရိယသုံးပါး’ ‘ကျင့်စဉ်ကြီး သုံးရပ်’ ဆိုတာ ရှိပါတယ်။

 

အဲဒီကျင့်စဉ်ကြီးသုံးရပ်ထဲမှာ လောကတ္ထစရိယ - တစ်လောကလုံးရဲ့အကျိုးစီးပွားကို ကျင့်တော်မူသော မြတ်စွာဘုရားက မိမိကျင့်ဆောင်ပေးမယ့် အကျိုးဖြစ်အောင် ကျင့်ဆောင်ပေးမယ့် ကောင်းကျိုးဖြစ်အောင် ကျင့်ဆောင် ပေးမယ့် သတ္တလောကကြီးဟာ ဒီကနေ့ ဘာဖြစ်နေလဲဆိုတာကို နေ့သုံးကြိမ် ညသုံးကြိမ် မြတ်စွာဘုရားက ကြည့်တော် မူတယ်။

 

“သတ္ထာ အတ္တနော သာဝကေ ရတ္တိယာ တယော ဝါရေ, ဒိဝသဿ တယော ဝါရေတိ ရတ္တိန္ဒိဝံ ဆ ဝါရေ ဩလောကေန္တော ....” လို့ အဋ္ဌကထာများက ဆိုတယ်။ မြတ်စွာဘုရားက နေ့သုံးကြိမ် ညဉ့်သုံးကြိမ် နေ့တိုင်းနေ့တိုင်း ခြောက်ကြိမ် သတ္တ လောကကြီးကို ကြည့်တော်မူတယ်။ ဘယ်လိုကြည့်သလဲလို့ဆိုတော့ ကရုဏာသမာ ပတ်ဝင်စားပြီးတော့ကြည့်တယ်။ ဈာန်သမာပတ် မဟုတ်ဘူး၊ ရူပါဝစရ အရူပါဝစရသမာပတ် မဟုတ်ဘူး။ ကရုဏာသမာပတ်၊ ‘ကရုဏာ’ ဆိုတာက ဒုက္ခဖြစ်နေတဲ့ သတ္တဝါတွေရဲ့ဒုက္ခကို ပယ်ဖျောက်ပေးလိုသော စိတ်ထား။ ဒီကနေ့ ကမ္ဘာလောကကြီးမှာဖြစ်နေတာ နိုင်ငံတော်မှာဖြစ်နေတာက တစ်ယောက်ဒုက္ခကိုတစ်ယောက် ပယ်ဖျောက်ပေးလိုသောစိတ်ထားတွေ ကင်းပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပိုဒုက္ခရောက်စေချင်တဲ့စိတ်တွေက များနေတယ်။

 

‘ကရုဏာ’ဆိုတာက သူတစ်ပါးဒုက္ခကို ပယ်ဖျောက်ပေးတယ်၊ ဘယ်လိုသူတစ်ပါးကိုပဲဖြစ်ဖြစ် ဆွေမျိုးတော်တော် မတော်တော် မြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ ‘စရိယသုံးပါး’အရ လောကတ္ထစရိယ တစ်လောကလုံးအကျိုးဖြစ်အောင် ဒုက္ခဖြစ်နေတဲ့ သတ္တဝါတွေ အဲဒီဒုက္ခမှလွတ်မြောက်အောင် ငါဘယ်လိုလုပ်ပေးရမလဲ၊ ကရုဏာသမာပတ် ဝင်စားပြီးတော့ ကြည့်တယ်။ မြတ်စွာဘုရားမဟုတ်ရင်တော့၊ ရဟန္တာမဟုတ်ရင်တော့ သတ္တလောက ကမ္ဘာကြီးတစ်ခုလုံး ဒုက္ခဖြစ်နေ ပြီလို့မြင်ရင် စိတ်ဓာတ်တွေထိခိုက်တယ်၊ ကရုဏာဖွင့်ပြတဲ့ ကရုဏာအကြောင်းကို အကျယ်တဝင့်ဖွင့်ပြတဲ့ အဋ္ဌကထာ ကြီးတွေမှာ ပြောတယ်။ သူတစ်ပါးတွေဒုက္ခဖြစ်ကြပြီဆိုရင် ယုတ်မာတဲ့စိတ်ရှိတဲ့သူတွေကတော့ ဝမ်းမြောက်တယ်။ သူတော်ကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်ကတော့ စိတ်ဓာတ်တွေ တုန်လှုပ်ချောက်ချားပြီးတော့ သူတို့  ဒုက္ခကို ငါဘယ်လို ဖယ်ရှားပေးရမလဲဆိုတဲ့ စိတ်ဓာတ်တွေဝင်လာတယ်။ အဲဒါ ‘ကရုဏာ’၊ မြန်မာတွေပြောနေတဲ့ ‘သနားတယ်’ ဆိုတဲ့ အဓိပ္ပာယ်ဟာ အဲဒါပဲ။ သူတော်ကောင်းတွေရဲ့စိတ်ဓာတ်တွေ တုန်လှုပ်လာပြီးတော့ သူတို့ရဲ့ဒုက္ခကို ဘယ်လိုပယ်ဖျောက် ပေးရမလဲဆိုတဲ့ စိတ်ဓာတ်တွေဝင်လာပြီ၊ ဒီကနေ့ အဲလိုစိတ်ဓာတ်မျိုးတွေဝင်လာဖို့ အရေးကြီးနေတာ။

ဒီကနေ့ မြန်မာနိုင်ငံတော် ကမ္ဘာတစ်ဝန်းလုံးမှာလည်း ဒီအတိုင်းပဲ၊ သူတို့ဟာနဲ့သူတို့ အသီးသီးရှိကြတယ်။ မြတ်စွာဘုရား ကိုယ်တော်မြတ်က တစ်နေ့သုံးကြိမ် ကရုဏာသမာပတ်ဝင်စားပြီးတော့ လောကကြီးကြည့်လိုက်တဲ့အခါမှာ အဋ္ဌကထာ ဋီကာတို့ မိန့်ဆိုချက်အရ တိုတိုချုံ့လိုက်ရင် သုံးမျိုးမြင်တတ်တယ်။ တစ်မျိုးက ကာမဂုဏ်စိတ်တွေ၊ ‘ကာမ’ဆိုတာက ယောက်ျား, မိန်းမ နှစ်ဦးသားတို့ရဲ့ အပြန်အလှန်ဖြစ်ကြတဲ့ စိတ်ဓာတ်တစ်ခုထဲကိုပဲ ‘ကာမ’ လို့ ခေါ်လို့မရဘူး၊ အဲ့ဒါကတော့ အဆိုးဆုံး ‘ကာမ’ ပေါ့၊ မျက်စိထဲမြင်တာတွေ အကုန်ကြိုက်၊ နားနဲ့ ကြားတာတွေ အကုန်ကြိုက်၊ မကောင်းတဲ့ ရှူစရာတွေ အကုန်ကြိုက်၊ စားစရာအကုန်ကြိုက်၊ ဝတ်စရာ အကုန်ကြိုက်၊ ဒီငါးမျိုးကို ‘ကာမ’ ခေါ်တယ်။ အဲ့ဒီ ကာမဝတ္ထုတွေကိုရရှိဖို့ ဖောက်ဖောက်ပြန်ပြန် စိတ်ဓာတ်တွေဝင်စားတယ်။ တဏှာလောဘတွေ ဝင်စားပြီးတော့ ဖောက်ပြန်တဲ့စိတ်တွေနဲ့ ကာမဂုဏ်တွေကို လွန်ကျူးကုန်ကြတယ်။ ဥပမာ သူများပစ္စည်းခိုးသွားတယ်၊ ရွှေတွေ ဓားပြတိုက်သွားတယ်၊ စီးပွားရေးကျူးကျော်မှုတွေ ဖြစ်လာတယ်၊ ဈေးနှုန်းတွေမြင့်လာတယ်၊ ဒါတွေဟာ ကာမဂုဏ်မှာ ဖောက်ပြန်တဲ့ စိတ်တွေပဲ။ ဈေးနှုန်းတွေမြင့်တယ်ဆိုတာ လောဘကြီးလာတာပဲ။ ‘ဘယ်သူပဲကုန်ကုန် ငါမြတ်ရင် ပြီးတာပဲ’ဆိုတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်၊ ကာမဂုဏ် ငါးပါးအပေါ်မှာ ဖောက်ပြန်လွန်ကျူးကုန်ကြပြီလို့ မြတ်စွာဘုရားကမြင်လာရင် ဒကာ ဒကာမတွေကိုပဲဖြစ်ဖြစ် သံဃာတော်တွေကိုပဲဖြစ်ဖြစ် ဆုံးမချက်တစ်ခုပေးတယ်။ ကာမဂုဏ် ဖောက်ပြန်လွန်ကျူးတဲ့ စိတ်ဓာတ်တွေလွန်ကဲလို့ ကမ္ဘာကြီးဒုက္ခဖြစ်နေတဲ့အချိန်မှာ ‘ဒိဗ္ဗဝိဟာရ’နဲ့ နေကြတဲ့။ နေနည်းပေးသွားတယ်။ မနေတတ်ရင် ဟိုထဲပါ  ဒီအထဲပါနဲ့ အကုန်လုံးဒုက္ခဖြစ်ရတယ်။ ‘ဒိဗ္ဗဝိဟာရ’ ဆိုတာ တည့်တည့်ပြောရင် သမာဓိထူထောင်ပြီးတော့ စိတ်ဓာတ်ခိုင်ခိုင်ခံ့ခံ့နဲ့နေကြ။

 

ဥပမာဆိုပါစို့၊ အာဏာပါဝါတွေ ဒီအတိုးအဆုတ်ကိစ္စတွေမှာလည်းပဲ စိတ်ဓာတ်ခိုင်ခိုင်ထားပြီးတော့ နေနိုင်မှ၊ မဟုတ်ရင် ရာထူးအာဏာပါဝါကြောင့်လည်း ဒုက္ခဖြစ်တတ်တယ်။ စီးပွားရေးနဲ့ပတ်သက်လာရင် လောဘကို ထိန်းနိုင်မှ၊ မထိန်းနိုင် ရင်လည်း ဒုက္ခဖြစ်တတ်တယ်။ အဲဒါကြောင့် ကာမဂုဏ်တွေဖောက်ပြန် တဏှာလောဘတွေ လွန်ကဲလို့ နိုင်ငံရေး ဖောက်ပြန်မှု၊ အာဏာပါဝါဖောက်ပြန်မှု၊ စီးပွားရေးဖောက်ပြန်မှုတွေ ဖြစ်လာတဲ့အခါမှာ သမာဓိခိုင်ခိုင်ထား စိတ်ဓာတ် ကြံ့ကြံ့ခိုင်ခိုင်နဲ့နေကြ၊ သမာဓိထူထောင်ပြီးတော့နေကြလို့ ကောင်းလွန်းလို့လည်း  မတက်ကြွနဲ့၊ မြင့်လွန်းလို့လည်း ဝမ်းမမြောက်နဲ့၊ ဆိုးလွန်းလို့လည်း စိတ်မပျက်နဲ့၊ အကောင်းဆုံးအခြေအနေနဲ့ အဆိုးဆုံးအခြေအနေနှစ်ခုကြားမှာ Balance ဖြစ်အောင် စိတ်ဓာတ်ကိုထိန်းပြီးတော့နေရမယ်။ သမာဓိမရှိရင်မနေနိုင်ဘူး။ အဲဒီတော့ သမာဓိထူထောင်ပြီး တော့နေကြတဲ့။ ကာမတဏှာလွန်ကဲတဲ့အချိန်မှာ သမာဓိထူထောင်ပြီးတော့နေကြလို့ ဘုရင်ကြီးတစ်ပါးကို ဟောပေးတယ်။

 

စကြဝတေးမင်းကြီးများဆိုရင်တော့ တစ်ကမ္ဘာလုံးအုပ်စိုးနိုင်တယ်ဆိုတာ ပါဠိတော်တွေမှာလာတယ်။ စကြဝတေး ကလာလို့ ဒေဝရာဇာဆိုတာလဲ နတ်မင်းတွေ၊ ဥပမာအားဖြင့် အသုရာနတ်မင်းကြီးနဲ့ ‘မာဃ’ခေါ်တဲ့ သိကြားမင်းကြီးနဲ့ သခွတ်ပွင့်တိုင်း လက်ပံပွင့်တိုင်း ထထ စစ်တိုက်ကြတယ်။ အဲဒါ ‘ဣဿရိယ’တွေပဲ၊ ‘မေရု’ ဆိုတဲ့ မြင့်မိုရ်တောင်ထိပ်မှာ မင်းလုပ်ချင်ကြတယ်။ ဗြဟ္မာတွေကတော့ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ၊ ဒီတရားလေးပါး တစ်ပါးပါး ပွားပြီးတော့ နေကြတာမို့လို့ ဗြဟ္မာတွေမှာ စစ်ဖြစ်တာမရှိဘူး။ နတ်တွေကျတော့ ကာမနဲ့ ကာမဂုဏ်ရဲ့ အထွတ်အထိပ်ကို ရောက်ချင်တဲ့အတွက် ကာမဂုဏ်ခံစားပြီးတော့နေကြတဲ့ သတ္တဝါမျိုးဖြစ်လို့ ကာမဂုဏ်ကိစ္စမှာ သူတို့ကတော့ ခဏခဏစစ်ဖြစ်တယ်။ နတ်တွေ အမြင့်ဆုံးနေရာမှာ မင်းလုပ်ဖို့ အာဏာလုတဲ့ စစ်ပွဲကြီး၊ အသုရာတွေနဲ့ တာဝတိံသာနတ်တွေ စစ်ဖြစ်ကြသလိုပဲ လူ့ပြည်မှာလည်းပဲ ဒီအာဏာတန်ခိုးနဲ့ အဆိုးဘက်က ဖြေရှင်းလာတယ်။ အာဏာပါဝါအတွက် လုကြတဲ့စစ်ပွဲတွေ ကမ္ဘာကြီးမှာဖြစ်နေပြီဆိုရင် အဲဒါကို မြင်တော်မူသောမြတ်စွာဘုရားက သံဃာတော်တွေကို ချက်ချင်းအစည်းအဝေးခေါ်ပြီးတော့ “လူ့လောကကြီးမှာတော့ အာဏာရဖို့အတွက် စစ်ပွဲတွေ ဖြစ်ကုန်ပြီ၊ မင်းတို့တစ်တွေ ကရုဏာဝိဟာရနဲ့နေကြ၊ ဗြဟ္မဝိဟာရနဲ့နေကြ။”လို့ ဒီလိုမိန့်တယ်။ ကာမဂုဏ်လွန်ကဲတဲ့ ခေတ်မှာ သမာဓိနဲ့နေ၊ အာဏာတွေဖောက်ပြန်နေတဲ့ စစ်ပွဲဖြစ်နေတဲ့ကာလမှာ မြတ်စွာဘုရားက ဗြဟ္မဝိဟာရနဲ့ နေတတ်ဖို့ အဲဒီဗြဟ္မဝိဟာရ လေးပါးထဲက အဓိကကျတဲ့ မေတ္တာနဲ့နေကြ၊ မေတ္တာဟာ ဘာလုပ်တာလဲဆိုရင် မုန်းတီးခြင်းနဲ့ စိတ်ဆိုးခြင်း၊ စိတ်တိုခြင်းကို ထိန်းတဲ့အကျင့်ပေါ့။ ဒါသူတော်ကောင်း သူတော်မြတ်တို့ရဲ့နေခြင်း၊ မုန်းတီးခြင်း စိတ်တိုခြင်းနဲ့ စိတ်ဆိုးခြင်းတို့ကို ထိန်းတဲ့အကျင့်ဟာ သူတော်ကောင်း သူတော်သူမြတ်တို့ရဲ့နေခြင်းကို ‘ဗြဟ္မဝိဟာရ’ လို့ ခေါ်တယ်။

 

သံဃာတော်အရှင်မြတ်တွေကို ဗြဟ္မဝိဟာရနဲ့နေကြ၊ လောကမှာရှိတဲ့လူတွေကိုလည်း သာဝတ္ထိမှာနေနေ ဇေတဝန်မှာ နေနေ၊ ရောက်တဲ့နေရာတိုင်းမှာ မြတ်စွာဘုရားက ဒါကိုပဲမိန့်တယ်။ ကောသလမင်းကြီးကိုလည်း ဒီလိုပဲမိန့်တယ်၊ မဂဓမင်းတွေကိုလည်း ဒီလိုပဲမိန့်တယ်၊ ဝေသာလီက လိစ္ဆဝီတွေကိုလည်း ဒီလိုပဲမိန့်တယ်၊ ဆွေမျိုးတွေဖြစ်တဲ့ သာကီဝင် တွေ၊ ကောလိယဝင်တွေကိုလည်းပဲ မင်းတို့ဆွေမျိုးအချင်းချင်း ရန်မဖြစ်ကြနဲ့၊ ဗြဟ္မဝိဟာရ တရားပွားပြီးတော့ နေကြတဲ့။ ‘ဗြဟ္မဝိဟာရ’ဆိုတာ သူတစ်ပါးကောင်းကျိုးလိုလားတဲ့ စိတ်ဓာတ်၊ သူတစ်ပါးကောင်းကျိုးလိုလားတဲ့ စိတ်ဓာတ်ဟာ မေတ္တာပဲ။

 

သာကီဝင်နဲ့ ကောလိယဝင်တွေ ‘ရောဟိနီ’က ရေလုတဲ့စစ်ပွဲမှာ မြတ်စွာဘုရားမိန့်သွားတဲ့ စကားရပ်တွေ အများကြီး ထဲက သုတ္တန် ခြောက်ခု၊ အဲဒီသုတ္တန်ထဲက ဇာတ်တော်တွေ စုစုပေါင်း ခြောက်ခု အဲဒီမှာဟောတယ်။ အဲဒီထဲက စကားလုံးလေးတစ်လုံး ဘယ်လောက်ကောင်းသလဲဆိုရင် “ရန်ပြုလာတဲ့ပုဂ္ဂိုလ်တွေကို ရန်တုံ့မပြန်ဘဲနေနိုင်ရင် ချမ်းသာစွာနေရမယ်။ တစ်ကမ္ဘာလုံးရန်ဖြစ်နေရင် ရန်ဖြစ်တဲ့အထဲ မပါဘဲနေနိုင်ရင် ချမ်းသာစွာနေရမယ်။” ဒါ ‘ရောဟိနီ’ ရေလုတဲ့စစ်ပွဲမှာ မြတ်စွာဘုရား မိန့်တော်မူတဲ့စကား။

 

ရောဟိနီမြစ်အရှေ့ဘက်ခြမ်းကို ကောလိယတိုင်းခေါ်တယ်။ အနောက်ဘက်ခြမ်းကို သာကိယတိုင်း၊ ကျွန်းတောရှင်း ပြီးတော့ ရွှေနန်းတော်ဆောက်ပြီး နိုင်ငံတည်ထားတယ်၊ သူတို့အားလုံးဟာ ညီအစ်ကိုမောင်နှမ အချင်းချင်းတွေပဲ။ ဒါပေမယ့် အမြင်ကကျဉ်းမြောင်းလာတယ်၊ ရောဟိနီမြစ်ထဲကရေကို ငါသာလျှင် ရချင်တယ်ဆိုတဲ့ စိတ်ဓာတ်က ဒီနှစ် နိုင်ငံသားတွေကြားမှာ ဝင်လာတယ်၊ သူတို့မရစေချင်ဘူး မြန်မာလိုပြောရင်တော့ ‘ဣဿာ’ တရားက လူသားတွေရဲ့ အဆိပ်၊ အဆိပ်သင့်ပြီဆိုရင်တော့ သေဖို့သာပြင်ထား။

 

ဒီကနေ့ ကမ္ဘာကြီးကိုကြည့်လိုက်ရင် အဆိပ်သင့်တယ်၊ ‘ဣဿာ’ ဆိုတာ သူတစ်ပါးတို့ရဲ့ တိုးတက်အောင်မြင်ခြင်းတွေကို လက်မခံ နိုင်ဘူး။ ‘မစ္ဆရိယ’ ဆိုတာ ငါသာလျှင် အမြတ်ရချင်တယ်၊ ဣဿာ, မစ္ဆရိယဆိုတာ လောကကြီးရဲ့အဆိပ်၊ အဲဒီအဆိပ်ကိုဖြေဖို့ စိတ်ဖြေ ဆေးကတော့ ‘ဗြဟ္မဝိဟာရ’ပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီး ဣဿာ, မစ္ဆရိယတွေ ဝင်ပြီးတော့ သတ်ကြဖြတ်ကြတယ်၊ အဆိပ်သင့်တာကို မြင်တော်မူသော မြတ်စွာဘုရားက သံဃအစည်းအဝေး ချက်ချင်း ခေါ်ပြီးတော့ ဗြဟ္မာဝိဟာရတရားလက်ကိုင်ထား မေတ္တာပွားကြတဲ့၊ ကရုဏာပွားကြ၊ ‘မေတ္တာ’ဆိုတာက ဒေါသကို ထိန်းချုပ်တယ်၊ ကရုဏာဆိုတာက ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေကို စောင့်ရှောက်အကူအညီပေးတယ်၊ ပိုပြီးတော့ ဒုက္ခဖြစ်အောင် မလုပ်ဘူး။ ဒေါသကို ထိန်းနိုင်ရင် ဘယ်သူမှ ဒုက္ခမဖြစ်ဘူး။ အဲဒါကြောင့် ကမ္ဘာလောကကြီး ဣဿာ, မစ္ဆရိယအဆိပ်သင့်လို့ ဒေါသအာဃာတတွေ လွန်ကဲနေပြီ၊ သတ်ဖြတ်နှိပ်စက်နေတာကို မြင်တော်မူသော မြတ်စွာဘုရား က ဗြဟ္မဝိဟာရနဲ့နေကြ၊ မွန်မွန်မြတ်မြတ် သူတော်သူမြတ်တွေနေသလို မေတ္တာ, ကရုဏာပွားပြီးတော့နေကြလို့ ဒုတိယနေနည်း မိန့်တော်မူတယ်။ “နေနည်းနှစ်ပါး” ရပါတယ်။

 

ပထမပြောသွားတာက ကာမဂုဏ်တွေလွန်ကဲတဲ့ခေတ်၊ တည့်တည့်ပြောရရင် စီးပွားရေးတွေ အလွန်သောင်းကျန်း တဲ့ခေတ်၊ အာဏာပါဝါတွေရဲ့ကိစ္စတွေ အလွန်သောင်းကျန်းပြီး လောဘတွေ သောင်းကျန်းနေတဲ့ခေတ်ကြီးမှာ သမာဓိ ခိုင်ခိုင်ထားပြီးနေကြ၊ ဒါကို ‘ဗြဟ္မဝိဟာရ’လို့ ခေါ်တယ်။

 

နောက်တစ်ခုကတော့ ဣဿာ, မစ္ဆရိယလို့ခေါ်တဲ့အဆိပ်တွေ သင့်ပြီးတော့ သတ်ကြဖြတ်ကြတယ်၊ လုကြယက်ကြတယ်၊ ဒေါသတွေ လွန်ကဲပြီးတော့ ကမ္ဘာလောကကြီး သတ္တဝါတွေ အသေအပျောက်များ ပြီးဆိုရင် မေတ္တာ, ကရုဏာနဲ့နေကြ၊ ဗြဟ္မဝိဟာရနဲ့ နေကြ။ သံဃာတော်တွေကလည်း မြတ်စွာဘုရားရဲ့ထံမှာ ထောင်သောင်းချီပြီးတော့ ရှိကြတော့ အစုလိုက် အပြုံလိုက် ရဟန္တာကြီးတွေ မေတ္တာပွားကြတော့ ဒီလိုစစ်ပွဲတွေဟာ ငြိမ်သွားကြတယ်။

 

နောက်တတိယအချက်ကတော့ ‘ဣဿရိယ’၊ အာဏာရဖို့ရန်အတွက် ဖောက်ပြန်စွာကျင့်ရတယ်ဆိုရင် ဘာသာရေးငြင်းခုံ မှုကို ပြောတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ လက်ထက်တော် ကာလမှာ ဆဗ္ဗဂ္ဂီဆိုတဲ့ သံဃာတော်တွေရှိကြ တယ်။ ‘ဆဗ္ဗဂ္ဂီ’ဆိုတဲ့ စကားလုံးကြားလိုက်ရင် ဘုန်းကြီးတို့ ပရိသတ်နားထဲမှာ မရိုင်းပါဘူး၊ ‘ပဉ္စဝဂ္ဂီ’နဲ့ ခပ်ဆင်ဆင်ပဲ၊ အကျင့်ကတော့ ဆီနဲ့ ရေလိုပဲ၊ ‘ပဉ္စဝဂ္ဂီ’က သူတော်ကောင်းတွေ၊ ဆဗ္ဗဂ္ဂီကလည်း သမိုင်းဝင်ပဲ။ အကောင်းဘက်က သမိုင်းဝင်တာ ‘ပဉ္စဝဂ္ဂီ’၊ ပဉ္စဂ္ဂီတို့ကို မြတ်စွာဘုရားက စ,ပြောတာက “အစွန်းနှစ်ဘက်လွတ်အောင်ရှောင်ကြ၊ အစွန်းရောက်ရင် အဆိပ်သင့်လိမ့်မယ်၊ ဒီကနေ့ကြည့်ရင် တဏှာလောဘအစွန်းရောက်တော့ စီးပွားရေး အဆိပ်သင့် တယ်၊ ဒေါသအစွန်းရောက်တော့ နိုင်ငံရေးအဆိပ်သင့်တယ်၊ အဲဒါကြောင့်မို့ လုံးဝအစွန်းမရောက်စေနဲ့။ ‘မဇ္ဈိမ ပဋိပဒါ’ အလယ်အလတ်လမ်းက သွား၊ ကာယကံ ထိန်း၊ မလွန်ကျူးမိ စေနဲ့။ ‘ဝစီကံ’ ပါးစပ်ပေါက်ထိန်း၊ မလွန်ကျူးမိစေနဲ့။ ‘မနောကံ’ စိတ်ထိန်း၊ မလွန်ကျူး မိစေနဲ့။ ကိုယ်, နှုတ်, နှလုံး သုံးပါးထိန်းနိုင်ခြင်း ဟာ ‘မဇ္ဈိမပဋိပဒါ’ပဲ။ မဂ္ဂင်ရှစ်ပါး ဆိုတာ ဒါပဲ။

 

‘ဆဗ္ဗဂ္ဂီ’ဆိုတဲ့ပုဂ္ဂိုလ်တွေက ခြောက်ပါးအုပ်စု၊ သာသနာမှာ မကောင်းတာမှန်သမျှ သူတို့လုပ်ဖို့ရန် လွယ်လွယ်လေးပဲ၊ နှစ်ရာ့ နှစ်ဆယ် ခုနစ်သွယ်သိက္ခာပုဒ်တွေထဲမှာ သိက္ခာပုဒ် တစ်ဝက်လောက် က သူတို့လွန်ကျူးသွားတာ၊ အဲဒါကြောင့် သိက္ခာပုဒ်တွေ များများလာတာဟာ လွန်ကျူးတဲ့ပုဂ္ဂိုလ်တွေ များများလာလို့။ ကြည့်လိုက်ရင် ခြောက်ပါးအုပ်စုရဲ့ လွန်ကျူးမှုတွေကြောင့် မြတ်စွာဘုရားပညတ်ရတယ်။ လောကကြီးမှာလည်း အုပ်စုတွေ ဒီလိုပဲဖွဲ့နေကြတယ်၊ နိုင်ငံရေး ပါတီတွေကြည့်လိုက်ရင် မရေမတွက်နိုင်ဘူး။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ နိုင်ငံရေးပါတီတွေဟာ အစုလိုက် အစုလိုက် ‘ဝဂ္ဂီ’တွေပဲ၊ အဲဒီလိုအုပ်စုတွေဖွဲ့ပြီးတော့ ကမ္ဘာလောကကြီးမှာ လွန်ကျူးကုန်ကြတာ၊ အာဏာပါဝါအတွက် လွန်ကျူး ကြတာ၊ အဲဒီလို ကာမဂုဏ်လွန်ကဲတဲ့ခေတ်မှာ သမာဓိနဲ့နေ၊ စိတ်ဓာတ်ခိုင်မာမှ ကာမဂုဏ်ရဲ့ ရိုက်ခတ်ခြင်းကို ခံနိုင်မယ်၊ အာဏာပါဝါအတွက် ‘ဣဿာ, မစ္ဆရိယ’ ဆိုတဲ့ အဆိပ်တွေ သင့်ပြီဆိုလို့ရှိရင် မေတ္တာနဲ့နေ၊ ကရုဏာနဲ့နေ။ အခု တတိယပြောတာက ဘာသာရေးရဟန်းတွေထဲမှာ ဓမ္မ, အဓမ္မ ငြင်းခုံကြပြီ၊ ဒေဝဒတ်ကလည်း ဘုရားသတ်ဖို့အထိ ကြံတာကို အကုန်လုံးသိပြီးသား၊ သူ့မှာလည်း နောက်လိုက်တပည့် ငါးရာရှိတယ်၊ သတ်ဖို့အထိ ကြံတာမဟုတ်ဘူး၊ မဟုတ်တာလုပ်ဖို့ရာ အဖွဲ့ကလည်း ခြောက်ပါးရှိတယ်၊ အဲဒါကြောင့် ပထမသင်္ဂါယနာတင်တော့ ရာဇဂြိုဟ်မှာ လက်ရွေးစင်သံဃာ ငါးရာပဲ ဝါကပ်ရမယ်၊ အခြားသံဃာတွေ မကပ်ရဘူးဆိုပြီး မင်းအာဏာနဲ့ သုံး၊ ကမ္မဝါဖတ်ပြီး အကုန် ဖယ်ထုတ်ယူရတယ်။ အဲဒါကြောင့် ပထမသင်္ဂါယနာတင်ပွဲမှာ အနှောင့်အယှက်ကင်းကင်းနဲ့ ထေရဝါဒ သံဃာငါးရာ စနစ်တကျ အောင်မြင်တဲ့ ပထမသင်္ဂါယနာပွဲကြီးကို တင်နိုင်ခဲ့တယ်။

 

မြတ်စွာဘုရားရဲ့စကားအစစ်တွေကို အကုန်လုံးစုစည်းရွေးချယ်ပြီးတော့ သဘောတူညီချက်ယူခဲ့တာ၊ သဘောတူ အတည်ပြုရင် ရွတ်ပြဆိုပြီးတော့ သံဃာငါးရာဝိုင်းရွတ်တာ၊ ဒါကို ‘သင်္ဂါယနာ’ ခေါ်တယ်။ ‘သင်္ဂါယနာ’ ဆိုတာ စုပေါင်း ရွတ်တာ၊ ဘုရားစကားတွေ အကုန်အတည်ဖြစ်တာ အဲဒါ “ထေရဝါဒ”ပဲ။

 

ဒါပေမယ့် အဲ့ဒီ ‘ထေရဝါဒ’ပိဋကတ်တွေဟာ နှစ်တစ်ရာပဲ ခံတယ်၊ ဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက် နှစ်နှစ်ရာမြောက်တော့ ဝေသာလီ မှာပေါ်လာပြီ၊ ထေရဝါဒပိဋကတ်ဆိုတာ တကယ်အကုန်လုံးမှန်တာ မဟုတ်ဘူး၊ ဟိုဟာ ပြင်မယ်၊ ဒီဟာ ပြောင်းမယ်၊ ဖြုတ်မယ်၊ ထုတ်မယ်၊ ဒီလိုတွေဖြစ်လာပြီ။ သိက္ခာပုဒ်အငယ်စားတွေကို ထုတ်ပစ်မယ်၊ အဘိဓမ္မာသမားတွေ ကလည်း ပြင်မှကောင်းမယ်ဆိုပြီး ထေရဝါဒဂိုဏ်းထဲမှာဖြစ်လာတာ။ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်တွေဟာဆိုရင် အစဉ်အဆက် ပြန့်ပွားလာတဲ့ ဒေဝဒတ်ရဲ့ တပည့်ဟောင်းတွေပဲ ဖြစ်တယ်။ ဝေသာလီမှာ မူလ ဗုဒ္ဓဝါဒကို ဆက်လက်ပြီး မူရင်းအတိုင်း ထိန်းသွားမယ့်ဂိုဏ်းက ‘ထေရဝါဒ’ဂိုဏ်း၊ ပြန်လည်ပြင်ဆင်ရေးဝါဒကို ကြိုက်တဲ့ဂိုဏ်းက ‘မဟာသံဃိက’ဂိုဏ်း။ နှစ်တစ်ရာမှာ နှစ်ဂိုဏ်းကွဲတယ်၊ နောက်ဆက်ပြောမယ်ဆိုလို့ရှိရင် နှစ်သုံးရာလောက်ရောက်တော့ သီရိဓမ္မာအသောက မင်းလက်ထက်မှာ တစ်ဆယ့်ရှစ်ဂိုဏ်းကွဲတယ်၊ ဒီဂိုဏ်းကွဲတွေအကြောင်း အသေးစိတ်ပြထားတယ်။

 

အဲဒီတော့ဆိုချင်တာက ဘာလဲဆိုရင် ဘာသာရေးဂိုဏ်းကွဲတွေ၊ ဒါက ဗုဒ္ဓဘာသာအကြောင်းပြောတာ၊ ခရစ်ယာန်ကြည့် လိုက်ရင်လည်း ဂိုဏ်းကွဲတွေချည်းပဲ၊ အစ္စလာမ်ဆိုရင်လည်း ဒီလို ဂိုဏ်းကွဲတွေချည်းပဲ၊ ဟိန္ဒူဂိုဏ်းကွဲတွေ ပိုတောင် များသေး၊ ဘယ်ဘာသာရေးမဆို အကုန်လုံးအကွဲအပြဲရှိတယ်၊ အဲဒါကြောင့် ဂိုဏ်းကွဲရင် ဝါဒတွေလည်းကွဲတာပဲ၊ မြတ်စွာဘုရားက တိုက်ရိုက်ဟောထားတာကတော့ တခြားဘာသာတွေအကြောင်း မပြောဘူး၊ “ရဟန်းတို့၊ လောကမှာ ဓမ္မနဲ့အဓမ္မ ငြင်းကြခုံကြပြီဆိုရင် အငြင်းအခုံထဲမပါအောင် အရိယ ဝိဟာရနဲ့နေကြ” လို့ မိန့်တော်မူတယ်။

 

အရိယာတို့ရဲ့ နေကြထိုင်ကြတာဟာ အငြင်းအခုံကိုမရှိဘူး၊ အရိယာက ပညာတတ်ထားတာက ဆုံးနေပြီ၊ နိဗ္ဗာန်ကို မြင်ပြီး ကုန်ပြီ၊ နိဗ္ဗာန်ကိုမြင်ပြီးတဲ့ အရိယာဟာ အငြင်းအခုံမရှိဘူး၊ ပညာနဲ့ နေတာ။

 

“နေနည်းသုံးပါး” ဘာသာရေးအငြင်းအခုံထဲမှာလည်း မပါနဲ့၊ နိုင်ငံရေးအငြင်းအခုံထဲမှာ လည်းမပါနဲ့၊ စီးပွားရေးငြင်းခုံ မှုတွေထဲမှာလည်း မပါနဲ့၊ လောကကြီးမှာ ပထမ စီးပွားရေးငြင်းခုံမှုထဲမှာ မပါရအောင် စိတ်ဓာတ်ခိုင်ခိုင်ခံ့ခံ့နဲ့ နေကြ၊ ဒုတိယ နိုင်ငံရေးငြင်းခုံမှု အာဏာပါဝါတွေထဲမှာ ဣဿာ, မစ္ဆရိယ အဆိပ်သင့်တဲ့အထဲ မပါရ အောင် မေတ္တာ ကရုဏာနဲ့ နေကြ၊ တတိယ ဘာသာရေးငြင်းခုံမှုတွေထဲမှာ မပါရအောင်ကတော့ အရိယာတွေနေသလို ပညာနဲ့နေကြ၊ “နေနည်းသုံးပါး” မြတ်စွာဘုရားက ဟောပါတယ်။

နိဂုံးချုပ်လိုက်ရင် ဒိဗ္ဗဝိဟာရ၊ ဗြဟ္မဝိဟာရ၊ အရိယာဝိဟာရ သုံးပါး။ လောဘတဏှာ လွန်ကဲတဲ့ခေတ်မှာ သမာဓိ ခိုင်ခိုင်နဲ့နေ၊ အာဏာပါဝါလွန်ကဲတဲ့ခေတ် မေတ္တာကရုဏာနဲ့နေ၊ ဘာသာရေး အငြင်းခုံမှုတွေဖြစ်လာရင် ပညာနဲ့နေ၊ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးက ကမ္ဘာလောကကြီးကို တစ်နေ့ခြောက်ကြိမ်ကြည့်ပြီးတော့ “နေနည်းသုံးပါ” ဒီတရားကို ဟောသွားပါတယ်။