နိုင်ငံတကာ နှစ်သစ်ကူးအခါသမယမှာ ဗုဒ္ဓဘာသာဝင်၊ ဘုရားသားတော်တစ်ပါးအနေနဲ့ ပြောရရင် “သဗ္ဗေ သတ္တာ ကမ္မဿကာ” စကားကို ပြောချင်ပါတယ်။

 

သတ္တဝါတိုင်း သတ္တဝါတိုင်း ကိုယ်ပြုတဲ့ကံအပေါ်မူတည်ပြီး ဖြစ်နေကြတယ်။ ကောင်းတဲ့သူ ဖြစ်လာ တာလည်းပဲ ကံကောင်းခဲ့ကြလို့၊ မကောင်းတဲ့သူဖြစ်နေရတာကလည်း ကံမကောင်းခဲ့ကြလို့။

 

ကံဆိုတာ ဘေးကနေတစ်ဦးတစ်ယောက်က ဖန်ဆင်းလုပ်ဆောင်ပေးနေတာမျိုးကို ကံလို့မခေါ်ပါ ဘူး။ ကိုယ်လုပ်တဲ့အလုပ်ကသာ ကိုယ့်ကံ၊ ကိုယ်ပြောတဲ့ အပြောကသာ ကိုယ့်ကံ၊ ကိုယ်စိတ်ကူးတဲ့ စိတ်ကူးကသာ ကိုယ့်ကံပါ။

 

ကိုယ့်အလုပ်၊ ကိုယ့်အပြော၊ ကိုယ့်စိတ်ကူးတွေက ကောင်းနေသမျှကာလပါတ်လုံး အဲဒီလူ ကံကောင်း နေပါတယ်။ တကယ်လို့များ အခန့်မသင့်လို့ ကိုယ့်အလုပ်တွေက ဆိုးသွားမယ်၊ ကိုယ့်အပြောတွေက ဆိုးသွားမယ်၊ ကိုယ့်စိတ်ကူးတွေက ဆိုးသွားမယ်ဆိုရင် အဲဒီလူ ကံဆိုးတော့တာပဲ။

 

ကံကောင်းရင်ရလာတဲ့ အကျိုးပေး၊ ကြုံရတဲ့အခြေအနေတွေကကောင်းသလို ကံဆိုးရင်တော့လည်း ရလာတဲ့အခြေအနေကြုံရတဲ့ ရလဒ်တွေက ဆိုးတော့တာပါပဲ။

 

နှစ်သစ်ကူးတဲ့ အခုလိုအခါသမယမှာ နှစ်သစ်ကူးအခါကစပြီးတို့ အလုပ်တွေကို ကောင်းသထက် ကောင်းအောင် ကြိုးစားရမှာပါလား။ မကောင်းသေးရင် ကောင်းအောင်၊ ကောင်းရင်လည်း ကောင်းသထက် ကောင်းအောင်၊ ကိုယ့်အတွက် ကောင်းတဲ့အပြင် အများအတွက်ကိုပါ ကောင်းအောင် ကြိုးစားရမှာပါလား။ အဲဒီလိုပဲ ကိုယ့်အပြောတွေ မကောင်းသေးရင် ကောင်းအောင်၊ ကောင်းနေရင်လည်း ကောင်းသထက်ကောင်းအောင်၊ ကိုယ့်အတွက် ကောင်းသထက်ကောင်းအောင် လုပ်ရုံတင်မကဘဲ၊ ပြောရုံတင်မကဘဲနဲ့ အများအတွက်ပါ ကောင်းသထက်ကောင်းအောင် ပြောရမှာ ပါလား။ အဲဒီလိုပဲ ကိုယ့်အတွေးအကြံတွေက မကောင်းသေးရင် ကောင်းအောင်၊ ကောင်းနေရင် လည်း ကောင်းသထက်ကောင်းအောင် ကိုယ့်အတွက်တော့ ကောင်းသထက်ကောင်းတယ်ဆိုရုံနဲ့ မပြီးသေးဘဲနဲ့ ကိုယ့်အတွက်ရော အများအတွက်ပါ ကောင်းသထက်ကောင်းအောင် စိတ်ကူးကြံစည် ပေးရမှာပဲ။

 

များသောအားဖြင့်ကတော့ စိတ်ကူးကြံစည်တဲ့အပေါ်မှာ မူတည်ပြီး လိုက်ပြောကြတယ်။ စိတ်ကူးကြံစည်တဲ့ အတွေးအပေါ်မှာမူတည်ပြီး လိုက်လုပ်ကြတယ်။ တစ်ဆင့်ပြန်ပြောရင် အဲဒီလို ပြောရင်း ပြောရင်းနဲ့ ကောင်းတာလုပ်ရင် ကောင်းတာပြောရင်းနဲ့ အကျင့်တွေပါ ပြီး အတွေးတွေ ကပါ သိသိသာသာ လိုက်ကောင်းတော့တာပါပဲ။ မကောင်းတာတွေကိုများ လုပ်မိလို့ အကျင့်ပါရင်၊ မကောင်းတာတွေကို များ ပြောမိလို့ အကျင့်ပါရင် မကောင်းတဲ့ အတွေးတွေကလည်းပဲ ဆက်ကာ ဆက်ကာ အကျိုးရလဒ်အနေနဲ့ ပေါ်လာပြီးတော့ မကောင်းတာတွေ ဆက်တိုက်လည်ကုန်တော့ တာပဲ။

 

ဒါ့ကြောင့် နှစ်သစ်ကူးအခါသမယမှာ -

“သဗ္ဗေသတ္တာ ကမ္မဿကာ” ကိုယ့်အပေါ် ကိုယ်မူတည်ပါတယ်။ သတ္တဝါတွေကို မေတ္တာပို့ပါတယ်၊ တစ်နိုင်ငံလုံးကို မေတ္တာပို့ပါတယ်၊ တိုင်းပြည်ကြီးတစ်ခုလုံးကို မေတ္တာပို့ပါတယ်၊ တစ်ကမ္ဘာလုံးကို မေတ္တာပို့ပါတယ်၊ စကြဝဠာစွမ်းနိုင်တဲ့အထိ ရောက်သလောက် သတ္တဝါတွေ အားလုံးအပေါ် မေတ္တာထားတယ်၊ မေတ္တာပို့တယ်၊၊

 

အဲဒီမေတ္တာထားတဲ့ စိတ်ဓာတ်က ကရုဏာသနားတတ်ရာကနေ ဖြစ်လာ၊ မေတ္တာထားတဲ့ စိတ်ဓာတ်က ဝမ်းသာတတ်တဲ့ မုဒိတာက ဖြစ်လာ၊ မေတ္တာထားတဲ့ စိတ်ဓာတ်ဟာ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ကိုယ်လုပ်ပြီးတော့ သတ္တဝါတွေက ကိုယ့်ကံနဲ့ကိုယ် ဆိုသော်လည်းပဲ ကိုယ့်ဘက်က မေတ္တာထားရမှာ၊ မေတ္တာပေးရမှာဆိုပြီး ဒီလိုနှလုံးသွင်းပြီး မေတ္တာပို့၊ ဥပေက္ခာဆိုတဲ့ အခြေခံကနေ ဖြစ်လာပါတယ်။

 

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာလို့ ဒီတရားလေးမျိုးရှိရင် အဲဒီပုဂ္ဂိုလ်အတွက် ကောင်းတာ တွေတွေး၊ ကောင်းတာတွေပြော၊ ကောင်းတာတွေလုပ်သလို၊ သူ့ပတ်ဝန်းကျင်ကိုလည်းပဲ ကောင်းတာ တွေတွေး၊ ကောင်းတာတွေပြော၊ ကောင်းတာတွေ လုပ်ဖို့ရာအတွက် အထောက် အပံ့တွေ ဖြစ်တော့တာပါပဲ၊ အထောက်အကူတွေ ဖြစ်တော့တာပါပဲ။

 

မေတ္တာပေးရင် လက်ခံတဲ့သူတွေက ရတော့တာပေါ့၊ ကရုဏာပေးရင် လက်ခံတဲ့လူတွေက ရတော့ တာပေါ့၊ မုဒိတာပေးရင် လက်ခံတဲ့သူ တွေက ရတော့တာပေါ့၊ ဒီမေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဒီတရားတွေက လေးနက်မြင့်မြတ်တဲ့ အကျင့်ကျင့်တဲ့သူတွေအတွက် လက်ကိုင်ထား ရတဲ့ တရား၊ လောကကြီးကို စောင့်ရှောက်တဲ့တရား၊ လောကကြီးကို ငြိမ်းအေးအောင်လုပ်ပေးနိုင်တဲ့ တရား။

 

ဒါကြောင့်မို့ “သဗ္ဗေသတ္တာ ကမ္မဿကာ” ကိုယ့်ကံတွေကို ကိုယ်ကကောင်းအောင် လုပ်ကြ၊ ပြောကြ၊ ကြံစည်ကြဖို့ မေတ္တာတွေ၊ ကရုဏာတွေ၊ မုဒိတာတွေ၊ ဥပေက္ခာ ဒီတရားတွေကို လက်ကိုင်ထားပြီး နှစ်သစ် ကူးအခါသမယမှာ စွမ်းအားရှိသမျှနေထိုင်ကြပြီး တစ်ဦးတစ်ယောက် တည်းမကဘဲ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးအေးချမ်းအောင် အထောက် အကူပြုတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရင်းနဲ့ သတ္တဝါတွေအားလုံးက လည်း ကောင်းတဲ့ကံတွေပြု၊ ပြော၊ ကြံစည်ရင်းဖြင့် အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာတွေဖြစ်ပြီး အနှောင့်အယှက်ခပ်သိမ်း ကင်းငြိမ်းတဲ့ ဘဝကြီးကိုတည်ဆောက်နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။