ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံအတွင်း လွတ်လပ်ရေးကျောက်တိုင်ကြီးကို ခိုင်ခိုင်မတ်မတ် စိုက်ထူထားရှိခဲ့သည်မှာ နှစ်ပေါင်း ၇၇ နှစ်တာ ကြာညောင်းခဲ့ပြီဖြစ်သည်။ အဆင့်နှစ်ဆင့်ဖြင့် ပြေပြစ်စွာမြင့်တက်သွားသော စက်ဝိုင်းပုံ ရင်ပြင် ငယ်၏ အလယ်ဗဟိုရှိ လွတ်လပ်ရေးကျောက်တိုင် ကြီး၏အောက်ခြေတွင် လွတ်လပ်ရေးကြေညာ စာတမ်းကို ကျောက်ထက်အက္ခရာ ကမ္ပည်းတင်ထားသည်ကို တွေ့ရှိနိုင်ပြီး မော့ကြည့်လိုက်မည်ဆိုပါ က ကောင်းကင်ပြာပြာကြီးသို့ ထိုးထွက်နေသည့် အဖြူရောင် ကျောက်တိုင်ကြီးကို ခံ့ညားစွာတွေ့မြင် ကြရမည်ဖြစ်သည်။

 

၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် အင်အားကြီးမားသည့် နယ်ချဲ့တို့၏ ကျူးကျော်စစ် ကို ခုခံတိုက်ခိုက်ရင်း သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့သည့် စစ်သူကြီး မဟာဗန္ဓုလအား ဂုဏ်ပြုထားသည့် ပန်းခြံကြီးနှင့် လွတ်လပ်ရေး ကျောက်တိုင်ကြီးတို့၏ ဝန်းကျင်တွင်တည်ရှိနေသော ဆူးလေ စေတီတော်၊ မြို့တော်ခန်းမနှင့် ကိုလိုနီခေတ် မြို့ပြ အမွေအနှစ် အဆောက်အအုံများက မြန်မာ့သမိုင်းကို တစ်ပိုင်းတစ်စ ပြောပြနေကြသည်။ အထူးသဖြင့် ၁၉ ရာစု ကမ္ဘာ့အင်အားကြီးနိုင်ငံ၏ နယ်ချဲ့ဝါဒနှင့် တရားမဲ့ပြုကျင့်ခဲ့သော စစ်ပွဲများ၊ ကျူးကျော်လာ သူတို့ကို အစွမ်းကုန်တုံ့ပြန် တိုက်ခိုက်ခဲ့ကြပြီး စွန့်လွှတ်ခဲ့ကြရသည့် အသက်နှင့်သွေးများ၊ အတိတ်၏ပုံရိပ်များ၊ သမိုင်း၏စာမျက်နှာများက အဆောက်အအုံ နံရံများထံမှာ တရိပ်ရိပ်ရွေ့လျားနေကြသည်။ တစ်ပါးသူ ခြေဖနောင့်အောက်ကျရောက် ခဲ့ရသည့် သမိုင်းသည် ရှက်စရာ၊ နာကြည်းစရာဟုဆိုရမည်ထက် သင်ခန်းစာယူစရာ၊ ထိုအမှားမျိုး နောင်မမှားအောင် ရှောင်ကြဉ်ကြဖွယ်ရာသာ ဖြစ် သည်။

 

သိမ်းပိုက်အသုံးချ ကိုလိုနီဘဝ

ဗြိတိသျှတို့က စစ်ပွဲသုံးကြိမ်ဆင်နွှဲကာ မြန်မာ နိုင်ငံကို တတိတတိ သိမ်းယူသွားခဲ့သည်။ ၁၉ ရာစု ကာလသည် ကမ္ဘာပေါ်တွင် နယ်ချဲ့ဝါဒ၊ နယ်ချဲ့စနစ် အထွတ်အထိပ်သို့ ရောက်ချိန်ဖြစ်သည်။ နယ်ချဲ့စနစ် ဟူသည် အင်အားကြီးသည့်နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံ သို့မဟုတ် ဒေသ စသည်တို့မှ လူများအပါအဝင် သယံဇာတ အရင်းအမြစ်များကို သိမ်းပိုက်အသုံးချခြင်းဖြစ်ပြီး ကိုလိုနီဘဝကျရောက်သွားသည့် နိုင်ငံနှင့် လူများကို အချိန်ကာလကြာမြင့်စွာ အာဏာ၊ အင်အားတို့ဖြင့် ဖိနှိပ်ထိန်းချုပ်ထားခြင်း ဖြစ်သည်။ နယ်ချဲ့သမားတို့က နိုင်ငံရေး အာဏာကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားပြီး သိမ်းပိုက်ထားသည့် နိုင်ငံများ၊ ဒေသများမှ လူ့အဖွဲ့အစည်းများ၊ လူမျိုးများကို ၎င်းတို့အောက် နိမ့်ကျစေရန်လည်း ဖိနှိပ်ထားသည်။ နယ်ချဲ့စနစ်သည် ၁၅ ရာစု နှောင်းပိုင်းမှစတင်ကာ ဒုတိယကမ္ဘာစစ်အပြီး နယ်ချဲ့အင်ပါယာများ ပြိုကွဲသည့်အချိန်အထိ ကြာမြင့်ခဲ့ပြီး ရာစုနှစ်များနှင့်ချီသည့် အဆိုပါကာလ များအတွင်း အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံများစွာတို့ကို ဥရောပနိုင်ငံ လက်တစ်ဆုပ်စာ ခန့်က ကိုလိုနီပြုခဲ့သည့်အနက် ကမ္ဘာမြေပြင်၏ လေးပုံတစ်ပုံကို လွှမ်းခြုံထားခဲ့သည့် ဗြိတိသျှအင်ပါယာသည် နေမဝင်အင်ပါယာအဖြစ် အကြီး မားဆုံး ဖြစ်ခဲ့သည်။

 

နယ်ချဲ့စနစ်

နယ်ချဲ့စနစ်သည် ၁၉ ရာစုနှင့် ၂၀ ရာစု ကမ္ဘာ့ ဖြစ်စဉ်များအပေါ် အကြီးအကျယ် လွှမ်းမိုးခဲ့ပြီး လက်အောက်ခံနိုင်ငံများ၏ ကံကြမ္မာများကိုလည်း ပြောင်းလဲသွားစေခဲ့သည်။ မြန်မာနိုင်ငံတွင် နယ်ချဲ့တို့က ဘုရင်စနစ်ကို အပြီးတိုင် ဖြိုချဖျက်သိမ်း ပစ်ခဲ့ပြီး အရင်းရှင် ဗျူရိုကရေစီယန္တရားဖြင့် အုပ်ချုပ်ခဲ့ခြင်း၊ ပြည်မနှင့် တောင်တန်းဒေသများကို တစ်သီးတစ်ခြားစီ ခွဲခြားအုပ်ချုပ်ခဲ့ပြီး သွေးကွဲစေရန်ဖန်တီးမှုများပြုလုပ်ခဲ့ခြင်း၊ မြန်မာနိုင်ငံမှ ဆန်စပါး၊ ကျွန်းသစ်နှင့် ရေနံတို့ကို စီးပွားဖြစ်ထုတ်ယူခဲ့သော် လည်း စက်မှုလုပ်ငန်းထူထောင်မှုများ မပြုလုပ်ခဲ့ ခြင်း၊ ဒုတိယကမ္ဘာစစ်ကာလ ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ဆုတ်ခွာရာတွင် စီးပွားရေးအခြေခံ အဆောက်အအုံများ၊ အရင်းအမြစ်များအားလုံးကို မြေလှန်စနစ်ဖြင့် ဖျက်ဆီးသွားခဲ့ခြင်းနှင့် ဒုတိယ ကမ္ဘာစစ်အတွင်း စစ်မြေပြင်ဖြစ်ခဲ့ခြင်းတို့က မျက်မှောက်ကာလ မြန်မာနိုင်ငံ၏သမိုင်းကို ကြမ်းတမ်းစွာ ပုံဖော်ပေးခဲ့သည့် အဓိကအခြေခံ အကြောင်းတရားကြီးများပင် ဖြစ်သည်။

 

လွတ်လပ်ရေးရပြီးနောက်

လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်တစ်ခု ၁၉၄၈ခုနှစ်မှ ၁၉၅၈ခုနှစ်အထိ၊ ထို့နောက် နောက်ထပ် ငါးနှစ်ကာလ ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်။ ထိုကာလ များသည် မြန်မာနိုင်ငံတွင် အကွဲအပြဲဇာတ်လမ်းများ၊ ဆူပူသောင်းကျန်းမှုများနှင့် မုန်တိုင်းထန်နေချိန် ဖြစ်သည်။ လွတ်လပ်ရေးရယူနိုင်ရန်အတွက် တောင်တန်းပြည်မ စည်းလုံးညီညွတ်ရေး ရရှိ နိုင်ရန် လုံ့လစိုက်ထုတ် ကြိုးပမ်းခဲ့သူ၊ ခေတ်သစ် မြန်မာ့တပ်မတော်ကြီးကို တည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတော့မည့် လအနည်း ငယ်မျှအလိုတွင် ကျဆုံးသွားခဲ့ရခြင်းကလည်း လွတ်လပ်ပြီးနောက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် သက်ရောက်မှုများစွာ ရှိခဲ့သည်။ ဒုတိယကမ္ဘာ စစ်ကြီးအပြီးတွင် အင်ပါယာအရှင်သခင်အဖြစ်မှ လျှောကျသွားခဲ့ရသည့် ဗြိတိသျှတို့ ယူနီယံဂျက်အလံကို ရုပ်သိမ်း၍ မြန်မာနိုင်ငံမှ ထွက်ခွာသွားချိန်တွင် စစ်ကြောင့် ထောင်းထောင်းကြေနေသည့် ဤနိုင်ငံရှိ လူမျိုးစုများအကြား နောင်အခါငြှိမ်းရခက်မည့် သံသယမီးပွားမီးစကလေးများထားရှိခဲ့ရာ ဤဆယ်စုနှစ်များအတွင်းမှာပင် မီးတောက်မီးလျှံ များ တောက်လောင်လာခဲ့ရသည်။ နိုင်ငံလွတ်လပ်ရေး လှုပ်ရှားမှုများ ပြီးသည့်နောက် နိုင်ငံတည်ဆောက်ရေး (Nation Building) ဟူသော ကျယ်ပြန့်ရှုပ်ထွေးခက်ခဲသည့် လုပ်ငန်းကြီးကို ဆက်လက်ဆောင်ရွက်ကြရခြင်းမှာ လွတ်လပ်ပြီးစ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ခေါင်းဆောင်များ မဖြစ်မနေရင်ဆိုင်ကြရသည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ကမ္ဘာစစ် အတွင်း ပြာပုံဘဝကျရောက်ခဲ့ရသည့်နိုင်ငံ၊ စီးပွားရေးအခြေခံများ နတ္ထိဖြစ်နေသည့် နိုင်ငံ၊ ပယောဂဝင်နေသည့် အကွဲအပြဲများကို ခက်ခက်ခဲခဲ စုစည်းထားရသည့်နိုင်ငံ တစ်နိုင်ငံအနေဖြင့် သာမန်အားထုတ်ကြိုးပမ်းမှုမျိုးနှင့် မဖြစ်နိုင် သည်ကို အမြော်အမြင်ကြီးမားသည့် ခေါင်းဆောင်တစ်ဦးအနေဖြင့် ရှေးမဆွကပင် ကြိုတင်သိမြင်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းက သူ၏ မိန့်ခွန်းတစ်ခုတွင် “ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညကစပြီး အကုန်လုံးပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင်၊ တခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင် ကျွန်တော် တို့က ခြေလှမ်း ၄၊ ၅၊ ၁၀ လှမ်း လှမ်းလိုက်နိုင်မှ၊ အဲဒီလို လိုက်နိုင်တဲ့ အခါကျမှ နောက် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလို တန်းတူညီတူ ဖြစ်သွားမယ်။ တန်းတူညီတူမဖြစ်သမျှ ကာလပတ် လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူ့မြင်တဲ့အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူ့ မြင်တဲ့ အခါ မျက်နှာချိုသွေးရနဲ့ ( )လို နိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ခင်ဗျားတို့ အတိအလင်း နားလည်ထားစေချင်တယ်”ဟူ၍ ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးမိန့်ခွန်းဖြစ်သည့် တိုင်းပြုပြည်ပြုလွှတ်တော်မိန့်ခွန်းပါ အဆိုပါ ပြောကြားချက်က နောက်မျိုးဆက် ပြည်သူများ အထိပါ နားထဲတွင်စွဲနေအောင် စိမ့်ဝင်ပျံ့နှံ့သည်။ သို့ရာတွင် …။

 

ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံ

ဖွံ့ဖြိုးဆဲနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအကြောင်းအရာမှာ စီးပွားရေးမဟုတ်ဘဲ နိုင်ငံရေးဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။ နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလား အလာမှာ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု ရှိ မရှိဟူသော အကြောင်းခြင်းရာပေါ်တွင် အခြေခံလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပြီး နိုင်ငံရေးဖွံ့ဖြိုး တိုးတက်မှုဆိုသည် မှာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော နိုင်ငံရေးအခြေအနေများ ဖွဲ့စည်း ဖြစ်ပေါ်လာခြင်းကို ဆိုသည်။ သို့ဖြစ်ရာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်လိုပါက ဖွံ့ဖြိုးတိုးတက် မှုကို ဖြစ်ပေါ်စေမည့် နိုင်ငံရေးကိုရရှိအောင် လုပ်ဆောင်ရမည်ဟုလည်း စီးပွားရေးပညာရှင်တို့က ဆိုထားသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက် ၁၅ နှစ်ကြာကာလသည် ရှေ့တွင်ဆိုခဲ့ပြီး သည့်အတိုင်း အကွဲအပြဲများ၊ ပဋိပက္ခများဖြင့်သာ ပြည့်နှက်နေခဲ့ရာ ယင်း၏ဒဏ်ကို နိုင်ငံ၏ လူများစု ကြီးဖြစ်သော ကျေးလက်နေပြည်သူများက အဓိက အများဆုံးခံစားခဲ့ကြရသည်။

 

ကိုလိုနီဘဝသို့ ကျရောက်ခဲ့ရသည့် ဖွံ့ဖြိုးဆဲနိုင်ငံ အများစုကဲ့သို့ပင် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖွံ့ဖြိုးမှု (Political Development) အားနည်းရခြင်းသည် သမိုင်းရေးအခြေအနေအရ ဖြစ်ပေါ်ခဲ့ရသည့် အခြင်း အရာ တစ်ရပ်ပင်ဖြစ်သည်။ မြေရှင်ပဒေသရာဇ်စနစ် တွင် နှစ်ပေါင်းထောင်ချီရှိနေခဲ့သည့်နိုင်ငံ တစ်နိုင်ငံ အနေဖြင့် ကိုလိုနီအဖြစ်သိမ်းပိုက်ခံခဲ့ရပြီး ဗျူရို ကရေစီယန္တရားဖြင့် ဖိနှိပ်အုပ်ချုပ်မှုကိုခံခဲ့ရသည့်အခါ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ ခါးဆက်ပြတ် ခဲ့ရသည်။ နိုင်ငံလွတ်လပ်ရေးရသည့် အချိန်တွင်မူ အဘက်ဘက်တွင် ပုံပျက်ပန်းပျက်ဖြစ်ရသည်။ ဤသည်မှာ မြေရှင်ပဒေသရာဇ်စနစ်မှ ကိုလိုနီဘဝကျရောက်ခဲ့သည့် နိုင်ငံတိုင်း ကြုံတွေ့ ကြရသည့် ဖြစ်ရပ်များပင်ဖြစ်သည်။

 

နိုင်ငံရေးဖွံ့ဖြိုးမှု အားနည်း

မိမိတို့နိုင်ငံတွင် နိုင်ငံရေးဖွံ့ဖြိုးမှုအားနည်းသည့် လေဟာနယ်ဆီသို့ ဝင်ရောက်လာသည့် အင်အားစုမှာ လွတ်လပ်ရေး ကြိုးပမ်းမှုမှ ပေါက်ဖွားလာသည့် မြန်မာ့တပ်မတော်ဖြစ်သည်။ နိုင်ငံကို စည်းနှောင်ထားသည့် တစ်ခုတည်းသော အင်စတီ ကျူးရှင်းဖြစ်သည့် တပ်မတော်အနေဖြင့် မူလ တာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်အပြင် မလွှဲသာမရှောင်သာဆိုသလို နိုင်ငံရေးဦးဆောင်မှုနယ်ပယ်ဆီသို့ ဝင်ရောက်လာရခြင်းသည် သမိုင်းရေးလိုအပ်ချက်အရဟု ဆိုစေကာမူ စွန့်စားရသည့်ကိစ္စလည်းဖြစ်သည်။ အဘက်ဘက်တွင် အားနည်းချည့်နဲ့လျက်ရှိပြီး အခက်အခဲ၊ အကျပ်အတည်းများ၊ အနှောင့်အယှက်၊ အဟန့်အတားများ တင်းကြမ်းပြည့်နေသည့်နိုင်ငံကို ပြုပြင်ပြောင်းလဲ တည်ဆောက်နိုင်ရန်မှာ အောင်ပွဲရပါက ဟီးရိုးဖြစ်နိုင်သော်လည်း အရေးနိမ့်ပါက ဗီလိန်ဖြစ်သွားနိုင်သည်။ မိမိတို့နိုင်ငံ၏ သမိုင်းတွင် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ကြားကာလမှာ သာဓကပင် ဖြစ်သည်။

 

စစ်ကြီးပြီးစ ကိုလိုနီဘဝမှ လွတ်မြောက်လာ ခဲ့ကြသည့် တတိယကမ္ဘာ နိုင်ငံအများစုတို့က ဆိုရှယ်လစ်လမ်းစဉ်ကို တိမ်းညွတ်ခဲ့ကြရာ မိမိတို့ မြန်မာနိုင်ငံလည်း ပါဝင်သည်။ ကိုလိုနီခေတ် နယ်ချဲ့ အရင်းရှင်စီးပွားရေးကို ဆက်ခံခဲ့သည့် ပါလီမန်ဒီမို ကရေစီခေတ် စီးပွားရေးမှာ မြန်မာတို့လက်ထဲတွင် မရှိဘဲ နိုင်ငံခြားသားများ လက်ထဲတွင်သာ ရှိနေ ခြင်းအပေါ် ဇာတိပုညဂုဏ်မာနဖြင့် ဆိုရှယ်လစ် လမ်းစဉ်ကို အကောင်အထည်ဖော်ခဲ့ကြရာ အမှန် တကယ်အားဖြင့် မြန်မာနိုင်ငံတွင် အရင်းရှင်စီးပွားရေးလုပ်ငန်းကြီးများ အခြေတည်ဖွံ့ဖြိုးမှု မရှိသေးခြင်း၊ စီမံခန့်ခွဲမှုများ မကျွမ်းကျင် ခြင်းနှင့် လွဲမှားခြင်း၊ စီးပွားရေး စီမံကိန်းများအောင်မြင်မှု မရခြင်းတို့ကြောင့် မျှော်မှန်းသည့်ပန်းတိုင်သို့ မရောက်ခဲ့။ နိုင်ငံတွင်တင်ရှိလာသည့် ကြွေးမြီများ လျှော့ပေါ့သက်သာရေးဟူသော ရည်ရွယ်ချက်ဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (Least Developed Countries -LDC) စာရင်းသို့ ၁၉၈၇ ခုနှစ်တွင် ဝင်ရောက်ခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံ၏ သမိုင်း ကြောင်းသည်လည်း အချိုးအကွေ့တစ်ခုပေါ်သို့ ရောက်ရှိ သွားခဲ့ရသည်။

 

ယင်းကာလသည် ကမ္ဘာပေါ်တွင် ဒုတိယ ကမ္ဘာစစ်အပြီးမှ စတင်ကာဖြစ်ပွားနေသည့် စစ်အေးတိုက်ပွဲ (Cold War) ၁၉၄၇ - ၁၉၉၀ နိဂုံး ကမ္ပတ်အဆုံးသတ်ခါနီး အချိန်ဖြစ်ပြီး လက်ဝဲ အတွေးအခေါ်အယူအဆများ၊ ဆိုရှယ်လစ်/ ကွန်မြူနစ်နိုင်ငံများ၏ နေဝင်ချိန်လည်းဖြစ်ခဲ့သည်။ ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီစနစ်သို့ ကမ္ဘာ့ နိုင်ငံအများစုတို့ ရှေးရှုလာခဲ့ကြရာ မြန်မာနိုင်ငံသည် လည်း ပြည်သူတို့၏ အလိုဆန္ဒနှင့်အညီ ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်ကို ရှေ့ခရီးသို့ ဆက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြရသည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းရာတွင် အမျိုးသားအကျိုးစီးပွားနှင့် စပ်လျဉ်း၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များကို အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲစွာခံယူ စောင့်ထိန်းသွားကြမည်ဟူ၍လည်းကောင်း၊ ဒီမို ကရေစီအရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်၌ တရား မျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများထွန်းကားစေလျက် တိုင်းရင်းသားပြည်သူအများ ငြိမ်းချမ်း သာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်းသွားကြမည် ဟူ၍ လည်းကောင်း၊ တိုင်းရင်းသားများအရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြမည်ဟူ၍ လည်းကောင်း၊ နိုင်ငံတကာ ရေးရာနှင့်စပ်လျဉ်း၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်းဆက်ဆံရေးကိုရှေးရှုလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းရန် အစဉ်ကြိုးပမ်းကြမည် ဟူ၍ လည်းကောင်း သန္နိဋ္ဌာန်လေးရပ်ကို ချမှတ် ပြဋ္ဌာန်းခဲ့ခြင်းပင်ဖြစ်သည်။

 

တိုက်မြင့်ကြီးများကြားမှ အိမ်ငယ်တစ်လုံး

ဤဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ပြည်သူလူထု ရွေးကောက်ခံ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ လွတ်လပ်ပြီး ၇၇ နှစ်သက် တမ်းသို့ရောက်ရှိလာသည့် မိမိတို့နိုင်ငံ၏ အခြေအနေမှာ ဒေသတွင်းနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက တိုက်မြင့်ကြီးများကြားမှ အိမ်ငယ်တစ်လုံးသဖွယ်ပင်ဖြစ်သည်။ တစ်မျိုးသားလုံး အသားတင်ထုတ်လုပ်မှုတန်ဖိုး၊ တစ်ဦးချင်းဝင်ငွေ၊ နိုင်ငံသားတို့၏ မျှော်မှန်းလူ့သက်တမ်း၊ မြေတစ်ဧက ချင်းစီ စိုက်ပျိုးထုတ်လုပ်မှု၊ တောင်သူတစ်ဦးချင်းစီ၏ စိုက်ပျိုးထုတ်လုပ်မှု စသည်ဖြင့် အဘက်ဘက်တို့တွင် နိမ့်ကျနေသည်။ နိုင်ငံအတွက် မလိုလားအပ်သည့် အညွှန်းကိန်းများတွင်မူ မြင့်နေကြသည်ကိုလည်း တွေ့ရသည်။ လက်ရှိကာလတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲ မဲမသမာမှုကို အကြောင်းပြုလျက်ဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေ တစ်ရပ်ကို ဖြတ်သန်းနေရခြင်းလည်း ဖြစ်သည်။

 

ခေတ်သစ်မြန်မာနိုင်ငံ၏ သမိုင်းကြောင်းသည် ခက်ခဲကြမ်းတမ်းမှုများရှိသော်ငြားလည်း မိုးတိမ် တိုက်များတွင် လှပသည့်ငွေရောင်အနားရေးများ ရှိတတ်စမြဲကဲ့သို့ပင် မိမိတို့နိုင်ငံတွင် အလှတရား များလည်း ရှိနေသည်သာပင်။ ၇၇ နှစ်တာ ကာလ အတွင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် မုန်တိုင်းထန် သည့်နေ့ရက်များကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ စွဲမြဲထက်သန်သည့် ပြည်တွင်းအင်အားများနှင့် စည်းလုံးညီညွတ်စွာ ဖြတ်သန်းကျော်လွှားနိုင်ခဲ့ ခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အရှိန်အဟုန်မြှင့်ပေးနိုင်မည့် ရုန်းကန်အားကို မရနိုင်သေးစေကာမူ တရွေ့ရွေ့တိုးတက်မှု ရရှိနေခြင်းနှင့် တိုင်းပြည်တွင် ပိုင်ဆိုင်ထားသည့် ရေ၊ မြေသယံဇာတများတွင် လုပ်အားကိုအရင်းပြုကာ စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်း တို့ကြောင့် စားရမဲ့၊ သောက်ရမဲ့ ခေါင်းပါးသည့်အခြေအနေမျိုးသို့ မည်သည့်အခါမျှ မရောက်ရှိနိုင်ခြင်းပင်ဖြစ်သည်။

 

အဓိကအကျဆုံး လိုအပ်ချက်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် အဓိကအကျဆုံးလိုအပ်ချက်မှာ စည်းလုံး ညီညွတ်ရေးဖြစ်ပြီး တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှု ရရှိပြီဆိုပါက ငြိမ်းချမ်းရေးက တစ်ပါတည်း ဖြစ်ထွန်းလာ မည်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ်ရာ နိုင်ငံတစ်ဝန်းငြိမ်းချမ်းခြင်း၏ ရလဒ်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်း၊ သာယာ ဝပြောခြင်းတို့ပင် ဖြစ်သည်။ ခေတ်သစ်မြန်မာ နိုင်ငံတော်၏ အခိုင်အမာ အင်စတီကျူးရှင်းဖြစ်သည့် တပ်မတော်နှင့် နိုင်ငံ၏အဓိက အင်အားဖြစ် သော နိုင်ငံသားပြည်သူများ၏ ပူးပေါင်းလက်တွဲဆောင်ရွက်မှုဖြင့် စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးတို့ကို ဖော်ဆောင်နိုင်ကြပါရန် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတိုက်တွန်း အပ်ပါကြောင်း။     ။