မန္တလေး ဒီဇင်ဘာ ၃၁

ခရစ်နှစ် ၂၀၂၄ ခုနှစ် ကုန်ဆုံး၍ ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ နှစ်သစ်ကူး ပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားမြို့ကြီးများတွင် ပျော်ပွဲ ရွှင်ပွဲများ၊ ဖျော်ဖြေပွဲများ ထည့်သွင်း၍ ကျင်းပကြကာ နှစ်သစ်ကို တညီတညွတ်တည်း ပျော်ရွှင်စွာကြိုဆိုခဲ့ကြသည်။

 

မန္တလေးမြို့သူ၊ မြို့သားများအနေဖြင့် လည်း ယနေ့ညနေပိုင်းမှစတင်၍ နှစ်သစ်ကို ကြိုဆိုကြရန် မိသားစုနှင့် မိတ်ဆွေ သူငယ်ချင်းအစုအဖွဲ့အလိုက် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များဖြင့် နှစ်သစ်ကူးပြောင်းမည့်အချိန် အခိုက်အတန့်ကို စောင့်မျှော်ဆင်နွှဲကြသည်။

 

ထို့ပြင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ တပျော်တပါး နှစ်သစ်ကူးအခါသမယကို ဆင်နွှဲနိုင်ရန် အတွက် နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို ညနေ ၆ နာရီမှစတင်၍ ၂၆ လမ်းနှင့် ၆၆ လမ်း(ကျုံးထောင့်)တွင် ဖျော်ဖြေရေးစင်မြင့်ထားရှိ၍ နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေမှုများနှင့်အတူ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း၍ကျင်းပခဲ့ သည်။

 

ပွဲတော်သို့ လာရောက်ဆင်နွှဲသည့် ကိုလှမြင့်သိန်းက “နှစ်သစ်ကိုကြိုဆိုဖို့အတွက် လာ​​​ရောက်ဆင်နွှဲ​ခြင်း​ ဖြစ်ပါတယ်။ နှစ်သစ်ကူးချိန်ကိုစောင့်ပြီး Happy New Year လို့ မိသားစုလိုက် သံပြိုင် အော်ဟစ်ပြီး နှစ်သစ်ကိုဖြတ်ကျော်ချင်ပါ တယ်။​ ပျော်ရွှင်ဖွယ်ဖြစ်အောင် နှစ်သစ်ကူး ပွဲစီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ လျှပ်စစ်ရောင်စုံ အလှမီးတွေ ထွန်းညှိထားတာကြောင့် လည်း ပွဲတော်ကြီးကို လှပစေပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်တွေရဲ့ သီချင်းတွေကို နားဆင်ခံစားပြီး ကခုန်ခွင့်ရတဲ့အတွက်လည်း ပြီးပြည့်စုံတဲ့ နှစ်သစ်ကူး ညတစ်ည ဖြစ်တယ်လို့ ခံစားမိပါတယ်” ဟု ပြောသည်။

 

အဆိုပါ ပွဲတော်တွင် ဖျော်ဖြေရေး စင်မြင့်ထားရှိပြီး မန်းစည်ပင် ခေတ်ပေါ် တေးဂီတနှင့် DJ အစီအစဉ်များဖြင့် တွဲဖက်၍ နိုင်ငံကျော်အဆိုတော်များ၏ မြူးကြွစွာ သီဆိုဖျော်ဖြေမှုများကြောင့် နှစ်သစ်ကူးပွဲတော်ကို ပိုမိုအသက်ဝင်စေခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ နှစ်ကူးအချိန်ကာလကို အတူတကွ ဖြတ်ကျော်ကြသည်။

 

ပွဲတော်သို့ လာရောက်ဆင်နွှဲကြသူ များ အစားအသောက်များ သုံးဆောင်နိုင်ရန်အတွက်လည်း စားသောက်ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချပေးခဲ့ပြီး ကား၊ ဆိုင်ကယ်များ စနစ်တကျ အပ်နှံနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးထားသည်။

 

ထို့နောက် ပွဲတော်လာပြည်သူများ သည် နှစ်သစ်ကူးအချိန်ကာလဖြစ်သည့် ည ၁၂ နာရီမထိုးမီ နှစ်ကူး Countdown ကို တပျော်တပါး ရေတွက်ကြကာ ည ၁၂ နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ရေရွတ်ကာ မီးရှူး မီးပန်းများပစ်ဖောက်၍ နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုခဲ့ကြသည်။

မောင်အေးချမ်း