ရန်ကုန် ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ဘုရင့်နောင် တိုးချဲ့ပန်းခြံအတွင်း ၂၀၂၄ခုနှစ်ဒီဇင်ဘာ၃၀ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ကျင်းပဆောင် ရွက်လျက်ရှိသည့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်၌ ပြည်သူများ ဝယ်ယူအား ပေးနေမှုနှင့် ပန်းခြံအတွင်း အပန်းဖြေအနားယူနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ်ရှိ မြေအောက်လူသွားဥမင်ကိုအသုံးပြု၍ ပြည်သူများစိတ်ချမ်းမြေ့စွာသွား လာနေမှုကိုလည်းကောင်း၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းပေါ်၌ ဘုရားဖူးပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ပြုလုပ်ထားသည့် မြေအောက် လူသွား ဥမင်ကို အသုံးပြု၍ ဘုရားဖူးပြည်သူများ လွတ်လပ်စွာဖြတ်သန်းသွားလာနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။
ထို့နောက် တွံတေးမြို့နယ် တလုတ္တော်ကျေးရွာအနီး တွံတေးမွေးမြူရေးဇုန် အဝင်လမ်း တစ်လျှောက်လမ်းဘေးဝဲယာ သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် အရိပ်ရလေကာပင်များ၊ အလှ ပန်းပင်များနှင့် တယ်ပင်များစိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ မွေးမြူရေးဇုန်အပိုင်း(၂)တွင် 90mm HDPE ပိုက်လိုင်း ပေ (၁၅၀၀၀) ဆက်သွယ်ပြီး ဆိုလာ စနစ်အသုံးပြု၍ ၈ လက်မစက်ရေတွင်း အနက်ပေ ၅၀၀နှင့် ရေထွက်နှုန်း ၁ နာရီ ၈၀၀၀ဖြင့်ရေဖြန့်ဖြူး ပေးဝေနေမှုကိုလည်းကောင်း၊ ကန်ကြီးကုန်းကျေးရွာရှိ ကန်ကြီးကုန်း ကန်ရေပြင် ထိန်းသိမ်းထားရှိမှု၊ မွေးမြူရေးဇုန် အပိုင်း(၂)၌ ပုဂ္ဂလိက လုပ်ငန်းရှင်များက ငုံး ၊ ဥစားကြက် ၊အသားစားကြက်နှင့် ဝက်မွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


