နေပြည်တော် ဇန်နဝါရီ ၁
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်(သာကေတ) ဆိုင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က ရေနံဓာတ်ငွေ့ ရည်အရောင်းဆိုင်(သာကေတ)ဆိုင်သစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ရေနံဓာတ်ငွေ့ရည်ကို ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)၊ အမှတ်(၂)နှင့် အမှတ်(၃) ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ ရည်(ဗြူတိန်း)နှင့် စက်မှုလုပ်ငန်းသုံး(ပရိုပိန်း)တို့ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ရေနံဓာတ်ငွေ့ရည်ကို မီးဖိုချောင်သုံးလောင်စာအဖြစ် အဓိကထား အသုံးပြုလျက်ရှိပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့် ဟိုတယ်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများအပြင်၊ မော်တော်ယာဉ်များတွင်လည်း အသုံးပြုလျက်ရှိသဖြင့် ပြည်သူများအတွက် များစွာအကျိုးရှိကြောင်း၊ ရေနံဓာတ်ငွေ့ရည်ကို မော်တော်ယာဉ်များတွင် အသုံးပြုမည်ဆိုပါက စက်သုံးဆီအသုံးပြုမှုထက် ကုန်ကျစရိတ်ပိုမိုသက်သာစေပြီး ပြည်ပမှ စက်သုံးဆီတင်သွင်းမှုကိုလည်း လျော့ချနိုင်မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် ရေနံဓာတ်ငွေ့ရည်ကို ပြည်ပမှမှာယူတင်သွင်းပြီး ကျယ်ပြန့်စွာဖြန့်ဖြူးပေးနိုင်ရန်ရည်ရွယ်၍ ယခုအရောင်းဆိုင်ကို နိုင်ငံတကာ အဆင့်မီတည်ဆောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေနံဓာတ်ငွေ့ရည် အသုံးပြုရာတွင် သုံးစွဲသူများအနေဖြင့် အသိပညာဗဟုသုတရရှိပြီး လုံခြုံစွာဖြင့်အသုံးပြုနိုင်ရေး၊ သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရေးတို့ကို ရတနာစုကုမ္ပဏီအနေဖြင့် ဆောင်ရွက်ပေးရန်၊ ရေနံဓာတ်ငွေ့ရည်သည် မီးလောင်လွယ်သည့် ပစ္စည်းဖြစ်သဖြင့် ရေနံဓာတ်ငွေ့ရည် သိုလှောင်ဖြန့်ဖြူးရောင်းချရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတ်မှတ်ထားသည့် Standard Operating Procedure များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ခေတ်နှင့်အညီဆောင်ရွက်သွား နိုင်ရေးအတွက် IT နည်းပညာကိုအသုံးချနိုင်ရေး Research Team ဖွဲ့စည်းဆောင်ရွက်သွားရေး ပြောကြားပြီး ရတနာစုကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက ဆိုင်သစ်ဖွင့်လှစ်နိုင်ရေး တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ရေနံဓာတ်ငွေ့ရည်ဖြန့်ဖြူးရောင်းချမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်တွင် ရေနံ ဓာတ်ငွေ့ရည် သိုလှောင်ဖြန့်ဖြူးရောင်းချနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


